သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်(၁)

7/9/10

မတူ-ထူးသည့်ခရီးစဉ်(၄)







လူတိုင်းလူတိုင်း ကိုယ်နှင့်ဆက်စပ်၊ တိုက်ဆိုင်သည့်နေရာတွင် နေရသည်မှာ စိတ်ချမ်းသာကြမည်ဖြစ်သည်။ မိမိသည်လည်း သီဟိုဠ်တွင်နေရသည်မှာ ပျော်မှန်းမသိ ပျော်နေမိသည်။ သီဟိုဠ်သားများနှင့် စကားလက်ဆုံကြရသည်ကတစ်မျိုး၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် စကားလက်ဆုံ ပြောဆိုဆွေးနွေးရသည်ကတစ်ဖုံ စသည်စသည်ဖြင့် စိတ်ကြည်နူးနေသည့်အတွက်ကြောင့် ပြန်မည့်ရက်ကို မေ့နေမိသည်။ ဘယ်နေ့ဘယ်ရက် ပြန်မည်ဟု စိတ်ကို မဆုံးဖြတ်ရသေးပေ။ စိတ်ကူးရှိသည့်အချိန်မှ ထပြန်မည်ဟု တွေးထားသည်။ တွေးထသည့်အတိုင်း လေယာဉ်လက်မှတ်ကို ကြိုတင်မဖြတ်ထားပေ။ မိမိ သီဟိုဠ်ရောက်သည့်နေ့ကို ပြန်ရေတွက်ကြည့်မှ ရက်(၂၀)ကျော်နေလေပြီ။ ထို့ကြောင့် (၂6)ရက်နေ့ ထိုင်းကို ခရီးဆက်မည်ဟု ဆုံးဖြတ်ချက်ချပြီး သူငယ်ချင်းအပေါင်းများကို ဘယ်နေ့ဘယ်ရက် ထိုင်းကို ခရီးဆက်မည့်အကြောင်း ပြောပြသည်။ အလားတူပင် မိမိနေခဲ့သည့် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် ဒကာ၊ ဒကာများအား ဖုန်းဖြင့် လှမ်းနှုတ်ဆက်ရသည်။ မိမိသည်က သီဟိုဠ်မြေကို ခွါချင်စိတ် မရှိသေးပေ။ သို့သော်လည်း အချိန်မရသည်က တစ်ကြောင်း၊ အချိန်မှီ မလေးရှားကို ပြန်ဝင်ရမည်က တစ်ကြောင်းတို့ကြောင့် ထိုနေ့ ထိုင်းကို ခရီးဆက်မည်ဟု ဆုံးဖြတ်ခြင်းဖြစ်သည်။
ထိုသို့ဖုန်းဖြင့် လှမ်းနှုတ်ဆက်သောအခါ မိမိနေခဲ့သည့် ကျောင်းဝန်းကျင် ဒကာမိသားစုတစ်စုက မပြန်ခင် ဆွမ်းတစ်နပ် ဆက်ကပ်ချင်ကြောင်း ပြောလာသည့်အတွက် မိမိနေခဲ့သည့် ကျေးဇူးရှင် တပေါဝနပူရဏမဟာဝိဟာရကျောင်းသို့ တစ်နေ့ ပြန်ကြွသွားခဲ့သည်။ ထိုကျောင်းမြေကို နှင်းသည်နှင့် မိမိစိတ်က တစ်မျိုးထူးခြားမှု ဖြစ်ပေါ်လာသည်။ အတိတ်အကြောင်းကို သတိရသလိုလို၊ ပျံလွန်တော်မူသွားသည့် ဆရာတော်ကြီးကို လွမ်းသလိုလို ဖြစ်ပေါ်လာသည်။ ဤသို့ဖြစ်ရခြင်းသည်ကား မိမိနေခဲ့စဉ်အခါက ဆရာတော်ကြီးကလည်း မိမိတို့အပေါ် တပည့်အရင်းကဲ့သို့ ဆက်ဆံ၊ မိမိတို့ကလည်း ဆရာတော်ကြီးအပေါ် ပြုသင့်ပြုထိုက်သည့် ဝေယျာဝေစ္စများ ဆောင်ရွက်ပေးကြသည့်အတွက်ကြောင့်ဖြစ်သည်။ ဆရာတော်ကြီးရှိစဉ်အခါကလည်း ကိုယ့်ကျောင်းကိုယ့်ကန်၊ ကိုယ်နေရာတွင် ကိုယ့်နေရသကဲ့သို့ ဆရာတော်ကြီး ပျံလွန်တော်မူပြီး နောက်ပိုင်းတွင်လည်း ကိုယ့်ကျောင်းကိုယ့်ကန်၊ ကိုယ့်နေရာတွင် ကိုယ်နေရာကဲ့သို့ နေရသည်။ ကျောင်းပတ်ဝန်းကျင် ရွာကလေးကလည်း မိမိတို့အပေါ် ဂရုစိုက်ကြသည်။ ထို့ကြောင့်လည်း ဤမြေဤနေရာကို နင်းတိုင်း ဤအတွေးမျိုး ခံစားခဲ့ရခြင်းဖြစ်မည်။
မှတ်မိပါသေး၏။ သီကျွတ်ကာလ ကထိန်ရာသီဖြစ်သည်။ ထိုအချိန်က ဆရာတော်ကြီး ပျံလွန်တော်မမူသေးချေ။ သူတို့သီဟိုဠ်ထုံးစံအရ ကထိန်ခင်းလျှင် ကထိန် ဒါယကာမိသာစုက ကထိန်သင်္ကန်းကို ခေါင်းတွင် ရွက်ကာ တစ်ညလုံး ရွာအတွင်းလှည့်လည်သည်။ ထိုလှည့်လည်ခြင်းကို သူတိုစကားအရ ``ပေရက်ဟာရ´´ဟုခေါ်သည်။ ``ပေရက်ဟာရ´´ ဟူသည် တန်းစီလှည့်လည်ခြင်းဟု အဓိပ္ပါယ်ကို ဆောင်ပါသည်။ ထိုအချိန်က မိမိတို့က သီဟိုဠ်သို့ရောက်စ သီဟိုဠ်စကားလည်း မယ်မယ်ရရ မရသေးချေ။ ကထိန်သင်္ကန်း ရွာအတွင်းလှည့်လည်မည်ဟု ပြောသောအခါ ဗဟုသုတရရန် ဆရာတော်ကြီးဆီခွင့်တောင်းပြီး ဘုရားပင့်ဆောင်သည့်ကား ပေါ်တွင် လိုက်ပါကြည့်ရှုကြသည်။ ထိုသို့လှည့်လည်ရာတွင် ကထိန်သင်္ကန်းတစ်ခုတည်း မဟုတ်ပေ။ သူတို့၏ရိုးရာအက၊ တီးလုံး၊ မီးဝိုင်းအကစသည်ဖြင့် စီတန်းနေသည်။ တစ်ချို့ ချမ်းသာသော ရပ်ကွက်ဖြစ်လျှင် ဆင်-ဖြင့်တင်ဆောင်ပြီး လှည့်သည်လည်း ရှိ၏။ ထိုအကများ၏ နောက်မှ ကထိန်သင်္ကန်းကို ကထိန်အလှူရှင်များက ခေါင်းပေါ်ရွက်၍ လမ်းလျှောက်လှည့်လည်ကာ အပူဇော်ခံသည်။ ကထိန်သင်္ကန်း၏နောက်မှ မိမိတို့ ကားဖြင့်လိုက်ပါသည်။ ရွာသူရွာသားများကလည်း အားတက်သရော လှူကြတန်းကြသည်။ လိုက်ပါလာသည့် ပရိသတ်ကလည်း တစ်ရွာလုံးကျွတ်ပင်ဖြစ်၏။ မိမိတို့မြန်မာနိုင်ငံ ဘုရားလှည့်ပွဲတော်နှင့် ဆင်တူသည်။ အအေးများ၊ အဖျော်ရည်များဖြင့် လိုက်ပါလာသည့် ပရိသတ်များကို ရွာအတွင်း အိမ်တိုင်းလိုလိုပင် ကျွေးမွေးကြသည်။ လမ်းမတစ်လျှောက်လုံး စည်းကားနေသည်။ လိုက်ပါလာသည့် ပရိသတ်ကား မျက်စိတစ်ဆုံး လမ်းအပြည့်ပင်ဖြစ်၏။ မိမိတို့လည်း သီဟိုဠ်ရောက်စ ထိုအခြင်းအရာကို မြင်ရတော့ မြန်မာပြည်ကို ပြန်လွှမ်းမိသည်။ မြန်မာပြည်၏ ရှင်ပြုရဟန်းခံလှည့်ပွဲ၊ ဘုရားလှည့်ပွဲတော် စသည်တို့နှင့် အလွန်တူပါသည်။ စိတ်ထဲကလည်း ကြည်နူးနေမိသည်။ သူတို့နိုင်ငံတွင်လည်း ထိုသို့သော ဗုဒ္ဓဘာသာအစဉ်အလာ ရှိပါကလားဟူ၍ စိတ်ထဲက ချီးကျူးမိသေးသည်။ တစ်ရွာလုံး တစ်လမ်းဝင် တစ်လမ်းထွက်ဖြင့် ည(၁၀)နာရီတွင် စတင်လှည့်လည်ပြီး ကျောင်းပြန်ရောက်သောအခါ မနက်(၅)နာရီထိုးနေလေပြီ။ သီဟိုဠ်နိုင်ငံသည်လည်း ဗုဒ္ဓဘာသာ၊ မိမိတို့လည်း ဗုဒ္ဓဘာသာဖြစ်သည့်အတွက် စိတ်ဓာတ်ချင်းက ရင်းနှီးပြီးဖြစ်သည့်အတွက် မိမိတို့ နေရထိုင်ရသည်မှာလည်း အခက်အခဲ သိပ်မရှိပေ။ သူတို့ယဉ်ကျေးမှုသည်လည်း မိမိတို့မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် တစ်ချို့နေရာတွင် တူညီမှုရှိသည်။ ၀ါဆို၊ ကထိန်စသည်ဖြင့် သူတို့မှာလည်း ကြီးကြီးကျယ်ကျယ်ဆောင်ရွက်ကြသည်။ တစ်ညလုံး ကထိန်သင်္ကန်း လှည့်လည်ပူဇော်ပြီး မနက်မိုးလင်းသည်ဆိုရင်ဖြင့် သံဃာတော်များ ဆွမ်းကပ်၊ အလှူဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ကထိန်ပွဲပြီးဆုံးသွားသည်။
အတိတ်အကြောင်း စဉ်းစားရင်း အတွေးနွံနစ်နေစဉ် ဆွမ်းကပ်မည့် ဒကာရောက်လာသည်။ အချိန်ကျပြီ အိမ်သို့ကြွလို့ရပြီဟု ပြောသည့်အတွက် ရေမိုးချိုး၊ ကိုယ်သန့်စင်ပြီး အိမ်သို့ မိမိတစ်ပါးတည်း လိုက်ပါသွားသည်။ ကျောင်းနေဘုန်းကြီးများကား တခြားအိမ်က ပင့်ထားသည့်အတွက် သူတို့သည်လည်း အသီးသီး သရီးဝီးနှင့်ထွက်သွားကြပြီဖြစ်သည်။ အိမ်ရောက်တော့ စကားအနည်းငယ်ပြောပြီး ဆွမ်းစားလိုက်သည်။ ဆွမ်းစားပြီး ရှေးဟောင်းနှောင်းဖြစ် စကားများ ပြောဖြစ်ကြသည်။ ထိုဒကာမိသားစုသည်လည်း မိမိတို့ ထိုကျောင်းတွင်နေစဉ် လိုလေသေးမရှိပင် ဖြည့်ဆည်းပေး၏။ လိုအပ်သည်များရှိလျှင် သူတို့ကို ပြောပါဟု မကြာခဏ ပြော၏။ သူတို့သည်လည်း ခင်မင်ကြသည်။ တစ်ခါတစ်လေ သူတို့ဆွေမျိုးရှိသည့် တောရွာများ သွားလည်လျှင် မိမိကို ခေါ်သွားသည်။ သူတို့သည်လည်း မိမိအပေါ် တာဝန်ကျေပွန်ကြ၏။ မိမိသည်ကား သူတို့အတွက် မေတ္တာပို့သရုံမှတစ်ပါး အခြားမရှိပေ။ ကျောင်းသို့ပြန်လာသည့် လမ်းတွင် ဒကာတစ်ယောက်၊ နှစ်ယောက်တွေ့သည့်အတွက် လမ်းနှုတ်ဆက်လိုက်သည်။ ထို့နောက် မိမိအတွေးထဲတွင်ကား ဤကျောင်းနှင့် ဤရွာကလေး၏ ကျေးဇူးသည်ကား မိမိအပေါ်များလှပေ၏ဟု ရေရွတ်မိလိုက်သေးသည်။
ကျောင်းသို့ပြန်ရောက်တော့လဲ တွေးစက မပြတ်သေးချေ။ တွေးပြီးရင်း တွေးစတွေက ရှည်ထွက်လာသည်။ ဆရာတော်ကြီးထိုင်နေကြနေရာကို ကြည့်ရင်းပင် အတိတ်အကြောင်းတစ်ခု ခေါင်းထဲရောက်လာသည်။
ဆရာတော်ကြီးသည် ကွမ်းကြိုက်၏။ သွားမရှိသော်လည်း ကွမ်းကို ထောင်း၍စားသည်။ ဆရာတော်ကြီး ကွမ်းစားချင်လျှင် မိမိတို့က ကွမ်းထောင်းပေးရသည်။ ဆေးရွက်ကြီးကိုကား သူ၏ထိုင်ခုံအောက်တွင် အမြဲတမ်းထားလေ့ရှိသည်။ မိမိတို့လည်း ကွမ်းစား၏။ တစ်ခါတစ်လေ ကွမ်းစားချင်လျှင် ဆရာတော်ကြီးဆီသို့ သွားပြီး သူ့နဘေးတွင်ရှိသည့် ကွမ်းဗန်းကလေးကို ယူကာစားကြရသည်။ တစ်နေ့တွင် မိုးသည်းထန်စွာရွာသွန်းနေ၏။ ကွမ်းစားချင်၍ မိမိနှင့်အတူနေသည့်သူငယ်ချင်းနှင့် ဆရာတော်ကြီးဆီသို့လာခဲ့သည်။ ဆရာတော်ကြီးနဘေး ကွမ်းဗန်းကလေးကြည့်လိုက်တော့ ကွမ်းသီးကားမရှိ၊ ကွမ်းရွက်ကလေးသာရှိသည်။ ဆရာတော်ကြီးကို မေးကြည့်တော့လဲ ``နက်´´မရှိဟု ပြောလိုက်သည်။ ဆရာတော်ကြီးကို ကြည့်တော့ သူလဲ ၀ါးချင်နေပုံရသည်။ မိုးက သဲကြီးမဲကြီးရွာနေသည့်အတွက် အပြင်သွားဝယ်ရန်လည်းမဖြစ်ပေ။ ထို့ကြောင့် စားချင်ဝါးချင်သည့်စိတ်ကို ကိုယ်စီကိုယ်စီ မျိုသိပ်ထားရင်း စကားပြောနေကြသည်။ စကားပြောရင်း သူငယ်ချင်းက ဆရာတော်ကြီး၏ နဘေးခုံအောက်တွင် ကွမ်းသီးကလေး တစ်ခြမ်းတွေ့လိုက်သည့်အတွက် ကတမ်းကမန်း ကောက်ယူလိုက်သည်။ ထိုအပြုအမူကို ဆရာတော်ကြီးလည်းတွေ့သည် မိမိလည်းတွေ့သည်။ ထို့ကြောင့် ``မိမိက ငါ့ကိုလည်း နည်းနည်းပေး´´ဟု ပြောလိုက်သည်။ တဖန်ဆရာတော်ကြီးကလည်း သူ့ကိုလည်း နည်းနည်းထောင်းပေးရန် ပြောလာသည်။ ထို့ကြောင့် ရှားပါးသည့်အချိန် ကွမ်းသီးကလေး တစ်ခြမ်းကို သုံးပါးမျှဝေစားလိုက်ရသည်။ ထိုခြင်းအရာကို မိမိသည် ခေါင်းထဲက လုံးဝမထွက်ပေ။ အမြဲတမ်းသတိရနေသည်။ ဆရာတော်ကြီးသည်ကား မာန်မာနမရှိ၊ တကယ်ရိုးသားဖြူစင်၏။ သူ့ကိုကြည့်လိုက်တိုင်း လောဘ၊ ဒေါသ၊ မောဟအရိပ်ကင်းနေသည်။ မိမိတို့သည်လည်း ဤကျောင်းကို ရောက်ရသည်မှာ ကံကောင်း၏။ ဆရာကောင်း သမားကောင်း၊ မနောကောင်းသည့် ဆရာတော်နှင့်တွေ့ရသည်။ ဤကဲ့သို့ သဘောဖြူစင်သော ဆရာတော်ကြီးသည် ယနေ့အချိန်မရှိတော့၊ ဘ၀တစ်ပါးပြောင်းသွားရှာလေပြီ။ မိမိသည်လည်း ဆရာတော်ကြီးနေခဲ့သည့် နေရာကို တွေ့တိုင်း သတိရမိသည်။ ဆရာတော်ကြီး ပျံလွန်တော်မူပြီး နောက်ပိုင်း မိမိက ဆရာတော်ကြီး သီတင်းသုံးခဲ့သည့် အခန်းတွင် ၀င်ရောက်နေသည်။ အခန်းထဲသို့ ၀င်တိုင်း ဆရာတော်ကြီးကို သတိရနေဆဲပင်ဖြစ်သည်။ ယနေ့ မိမိသည် ထိုကျောင်းတွင် မနေတော့သော်လည်း ရောက်သည့်နေရာမှ ဆရာတော်ကြီး၏ သွားပုံ၊ လာပုံ၊ လှုပ်ရှားပုံများကို အမြဲတမ်းပြန်လည် မြင်ယောင်နေသည်။
မေတ္တာတရားသည်ကား အပြန်အလှန်ပင် အကျိုးများစေသည်ကား မှန်ပေ၏။ မိမိက မေတ္တာထားလျှင် အပြန်အလှန်အားဖြင့် သူတစ်ပါးလည်း မိမိအပေါ် မေတ္တာထားကြမည်မှာ အမှန်ပင်ဖြစ်၏။ မိမိက သူတစ်ပါးကို ကျွေးမွေးဖူးလျှင်လည်း သူတစ်ပါးလည်း ကိုယ့်ကို ပြန်ကျွေးမွေးရန်မှာ ၀န်လေးမည်မဟုတ်ချေ။ ကူညီသည့်နေရာတွင်လည်း ထို့အတူပင် မိမိက သူတစ်ပါးကို စိတ်စေတနာ သန့်သန့်ရှင်းရှင်းထား၍ မျှော်လင့်ချက်မထားဘဲ ကူညီခဲ့လျှင် သူတို့သည်လည်း တစ်ကြိမ်တစ်ခါ အခွင့်ကြုံလျှင် ကူညီကြမည်မှာ မလွဲဧကန်ပင်ဖြစ်၏။ ထို့ကြောင့် ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း၊ ကူညီခြင်းတို့ကို ပြုလုပ်ပြီဆိုလျှင် စေတနာသန့်သန့်နှင့် မျှော်ကိုးချက်မထားဘဲ ပေးကမ်း၊ စွန့်ကြဲ၊ ကူညီရန်လိုအပ်ပေသည်။ မိမိကူညီပေးလိုက်၍ တစ်ပါးသူ အဆင်ပြေသွားလျှင် ထိုအခြင်းအရာကို ကြည့်ပြီး မိမိက ပီတိဖြစ်နေဖို့ အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် သူအဆင်ပြေသွားသည့်အတွက် သူသည် အလွန်းဝမ်းသာမည်ဖြစ်၏။ ထိုဝမ်းသာသည့်အခိုက်အတန့်ကို ကြည့်ပြီး မိမိသည်လည်း ၀မ်းသာပီတိဖြစ်ရမည်ဖြစ်သည်။ ထိုအခိုက်အတန့်ကလေးသည်သာ အကောင်းဆုံးဖြစ်၏။ သူ့ဆီမှ ပြန်မျှော်ကိုးခြင်း၊ မျှော်လင့်ခြင်းဖြင်လျှင် ထိုကူညီမှုသည် စေတနာသန့်သည်ဟု မဆိုနိုင်ချေ။ မျှော်လင့်ချက်ဖြင့် ကူညီမှုသာ ဖြစ်မည်။ သို့သော်လည်း မမျှော်ကိုးပေမဲ့ အကျိုးသက်ရောက်မှုတော့ ရှိနေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုကဲ့သို့ စေတနာ၊ မေတ္တာသန့်သန့်ဖြင့် လိုအပ်သည့်ပုဂ္ဂိုလ်များအား ကူညီနိုင်ပါစေဟု အားလုံးကို မျှော်လင့်မိသည်။









သားရွှေ

ဝါဆိုပွဲတော် (၂၅.၀၇.၂၀၁၀)

သင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်

လာရောက်အားပေးကြသော သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေံ

ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် ရဟန်းခံပွဲတော်

ဆီမီးထွန်းပွဲ အမှတ်တရ ဓာတ်ပုံများ