နှစ်သစ်ရောက်သောအခါ မလေးရှားနိုင်ငံ၊ ပန်တိုင်းရမစ်မှ တရုတ်အဘိုးကြီးတစ်ယောက် ရောက်လာ၏။ သူသည် ဗုဒ္ဓဘာသာအကြောင်းကို မသိသော်လည်း ရဟန်းသံဃာမြင်ရသောအခါ စိတ်ကြည်နူးမိကြောင်း ပြောပြ၍ ရဟန်းဝတ်ချင်ကြောင်း ပြောပြ၏။
သူသည် တရုတ်စကားနှင့် မလေးစကားသာ ရ၏။ အင်္ဂလိပ်စကားကို မပြောတတ်ပေ။ သို့သော်လည်း မလေးစကား၊ တရုတ်စကားပြောတတ်သော မြန်မာများကို ဘာသာပြန်ခိုင်း၍ ၃. ၁. ၂၀၁၀ တွင် ရဟန်းဝတ်မပေးဘဲ မြန်မာများ ခြံရံကာ ကိုရင်ဝတ်ပေးခဲ့၏။ ကိုရင်ဝတ်ပြီးသောအခါ သူသည် စိတ်ကျေနပ်နေ၏။ ကိုရင်ဝတ်ရသည်မှာ စိတ်အေးချမ်းကြောင်းပြောပြ၏။ ထိုကြောင့် သူ့ကို ဗုဒ္ဓါနုဿတိကမ္မဌာန်းဖြင့် တရားအားထုတ်ခိုင်း၏။ သူ၏အပေါင်းအသင်းများ ရောက်လာသောအခါ သူက မြန်မာများ ဘုရားပြုသကဲ့သို့ ပြုလုပ်ရန် ညွှန်ကြား၏။ သူ့အတွက် အဖိုးမဖြတ်နိုင်သော အခွင့်အရေးဟုပင် ပြော၍ ကျေနပ်ကြီး ကျေနပ်နေပါသည်။