သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်(၁)

8/12/10

မတူ-ထူးသည့်ခရီးစဉ်(၅)




သွားတုန်းကတော့ သွားခဲ့သည်။ ပြန်တော့မည်ဟု စိတ်ကူးလိုက်သည်နှင့် စိတ်က မပြန်ချင်သေးပေ။ မပြန်ချင်သေးသော်လည်း ပြန်ရမည်ဖြစ်သည်။ သီဟိုဠ်တွင် ကြာကြာနေ၍ မဖြစ်သေးချေး။ ခရီးဆက်စရာများကလည်း ရှိသေး၏။ မလေးရှားကိုလည်း အချိန်မှီ ပြန်ဝင်ရမည်ဖြစ်သည်။ သီဟိုဠ်တွင်နေခဲ့သည် ရက်ကို ပြန်လည်သုံးသပ်ကြည့်တော့လဲ စိတ်ချမ်းသာစရာကောင်းသည့်နေ့ရက်များ ဖြစ်နေပြန်သည်။ ``ပျော်ရာမှာ မနေ တော်ရာမှာနေ´´ဟု ဆိုရိုးရှိသည့်အတိုင်း သွားသင့်သည့်ခရီးကို ဆက်သွားရမည်၊ လုပ်သင့်သည့်အလုပ်ကို ဆက်လုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ထိုင်းနိုင်ငံသို့ ခရီးဆက်မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ မပြန်ခင် စွယ်တော်မြတ်ဖူးရန် စိတ်ကူးထားသေး၏။ ထို့နောက် ပြန်မည့်ရက်မတိုင်မှီ (၄)ရက်အလိုအတွင် မြန်မာပြည်မှ ဘုန်းကြီးတစ်ပါး သီဟိုဠ်သို့ ဘုရားဖူးကြွလာသည်။ ဘုရားဖူးခရီးစဉ်ကိစ္စ စီစဉ်ပေးပါဟု ပြောသည့်အတွက် စီစဉ်ပေးပြီး မိမိသည်လည်း သူတို့နှင့် နောက်တစ်နေ့ ခရီးစဉ်တွင် ကန္ဒီမြို့သို့ စွယ်တော်မြတ်ဖူးရန် လိုက်လာခဲ့သည်။ သီဟိုဠ်မှ မပြန်ခင် စွယ်တော်မြတ်ဖူးရန် မိမိ၏ စိတ်ကူးသည်ကား ထိုဘုန်းကြီးခရီးစဉ်နှင့်ပင် ပြည့်ဝသွားသည်။
ထိုဘုန်းကြီးသည်ကား မိမိကို ခရီးစဉ်တစ်လျှောက်လုံး လိုက်ပါရန် ပြောသေးသည်။ သို့သော်လည်း မိမိကား အချိန်မရတော့ပေ။ ထို့ကြောင့် ကန္ဒီမြို့တွင် စွယ်တော်မြတ်ဖူးပြီး ကျန်ခဲ့သည်။ သူတို့သည်ကား တခြားနေရာကို သွားရန်အတွက် ထွက်ခွါသွားလေသည်။ မိမိသည်လည်း သူတို့အား ခရီးစဉ်တစ်လျှောက် မည်သို့မည်ပုံသွားရမည်စသည်ဖြင့် အားလုံး ညွှန်ပြပေးလိုက်သည်။ ကန္ဒီမြို့တွင် မိမိနှင့် အလွန်ရင်းနှီးသည့် မိသားစုဆိုင်ကို သွားပြီး ပုဆိုးများ လက်ဆောင်ပေးခဲ့သည်။ သူတို့သည်လည်း အလွန်ဝမ်းသာနေကြသည်။ သူတို့နှင့် မတွေရသည်မှာ တစ်နှစ်ကျော်နေပြီဖြစ်သည့်အတွက် မိမိလည်း သူတို့မိသားစုနှင့် တွေ့ချင်နေသည်။ သူတို့နှင့် ထိုင်စကားပြောပြီး ခဏအကြာတွင် နောက်သီဟိုဠ်မိတ်ဆွေတစ်ယောက်ဆီကို သွားသည်။ သူကား ``စာလာ´´ဟုခေါ်သည့် အများတည်ခိုနိုင်ရန် ဆောက်လုပ်ထားသော ဓမ္မာရုံတွင် တာဝန်ကျနေသည်။ ထိုဓမ္မာရုံသည် စွယ်တော်မြတ်၏ အနီးအနား ၀န်းကျင်တွင်ရှိပြီး ရပ်ဝေးရပ်နီးမှ ရောက်လာသောဧည့်သည်များအား စရိတ်သက်သာစွာဖြင့် တည်းခိုနိုင်သော နေရာဖြစ်သည်။ သံဃာတော်များအတွက်ကား အခမဲ့တည်းခိုနိုင်ရန် အခန်းတစ်ခန်းရှိသည်။ တည်းခိုခကြေးငွေ ပေးစရာမလိုပေ။ မိမိသူငယ်ချင်းဖြစ်သူနှင့် စကားအတန်ငယ်ပြောပြီး အချိန်ကို ကြည့်လိုက်တော့ ညနေ (၄)နာရီရှိနေပြီ။ ထို့ကြောင့် သူငယ်ချင်းက ထို ``စာလာ´´တွင် တစ်ညအိပ်ရန်ပြောသည့်အတွက် ကန္ဒီမြို့ စွယ်တော်မြတ်အနီး ``စာလာ´´တွင် တစ်ညအိပ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် နောက်တစ်နေ့ ကိုလံဘိုမြို့သို့ ပြန်ရန်အတွက် ကြိုတင်ရထားလက်မှတ် ဖြတ်ရန် ဘူတာသို့ သွားခဲ့သည်။ ကန္ဒီမြို့ ရထားဘူတာရုံ၏ မာန်နေဂျာကား မိမိအသိပင်ဖြစ်၏။ မာန်နေဂျာနှင့်တွေ့တော့ ``အာယု ဘောဝမ်´´ဟု သီဟိုဠ်စကားဖြင့် နှုတ်ဆက်လိုက်သည်။ မတွေ့တာကြာပြီ စသည်ဖြင့် စကားထိုင်ပြောပြီး မနက်ဖန် ကိုလံဘိုပြန်မည်ဟုပြောတော့ သူက လက်မှတ်တစ်စောင် ၀ယ်လှူလိုက်သည်။ လက်မှတ်ဝယ်ပြီး မာန်နေဂျာကို ``ဘောဟောမ ဣစတုတိ´´ဟု ကျေးဇူးတင်စကားပြောပြီး ``ထေရုဝမ် စရနိုက်´´ဟုနှုတ်ဆက်ကာ ``စာလာ´´သို့ ထွက်ခွါလာခဲ့သည်။ ``စာလာ´´တွင် တစ်ညကျိန်းပြီး နောက်နေ့ မနက် ၅းနာရီခွဲ ရထားနှင့် ကိုလံဘိုသို့ ပြန်လာခဲ့သည်။
ကိုလံဘိုရောက်ပြီး မိမိသည်လည်း လက်မှတ်မဖြတ်ရသေးသည့်အတွက် ထိုင်းနိုင်ငံသို့ ခရီးဆက်ရန် လေယာဉ်လက်မှတ် ၀င်မေးလိုက်သည်။ အဆင်ပြေသည်နှင့် လေယာဉ်လက်မှတ်ကို ဖြတ်လာခဲ့သည်။ ဂျွန်လ ၂၆-ရက်နေ့ည လေဆိပ်သို့ ဆင်းရမည်ဖြစ်သည်။ သီဟိုဠ်ကို မခွဲခွါချင်သော်လည်း ပြန်လည်ခွဲရပြန်တော့မည်။ မပြန်ခင်တစ်ရက်အလိုတွင် ကောဟုဝလ ဂျန်းရှင်းအနီး ´´ဗလပေါကုန´´ ကျောင်းသို့ အလည်သွားခဲ့သေးသည်။ ထိုဆရာတော်ကြီးနှင့်ရင်းနှီးသည့်အတွက် မနက်ဖန် ထိုင်းနိုင်ငံသို့ ခရီးဆက်မည့်အကြောင်း ဆရာတော်ကြီးကို ကန်တော့ကာ နှုတ်ဆက်ခဲ့သည်။ ဆရာတော်ကလည်း သဘောကောင်းစွာဖြင့် နောက်တစ်ကြိမ် သီဟိုဠ်သို့လာလျှင် သူ့ကျောင်းသို့ လာခဲ့ရန် အတန်တန်မှာသေးသည်။ ထိုကျောင်းမှအပြန်တွင် စာအုပ်ဆိုင်တစ်ဆိုင်သို့ ၀င်ကာ စာအုပ်ဝယ်သည်။ ထူးခြားသည်ကား စာအုပ်ဆိုင်တွင် မိမိလိုအပ်သည့် စာအုပ်များ၊ စတေကာများနှင့် ပလက်စတစ်သွန်းလောင်းထားသော ဗောဓိညောင်ရွက်ဝယ်လိုက်သည်။ ၀ယ်ပြီးတော့ ငွေရှင်းရန် ကြံရွယ်သောအခါ သီဟိုဠ်အဘိုးကြီးနှင့် အဖွားကြီးလင်မယားနှစ်ယောက်သည် ``ဟာမူးသရူး…လိုအပ်သည့်ပစ္စည်းသာယူပါ၊ တပည့်တော်လှူပါ့မည်´´ဟု ပြောလာသည်။ ထို့နောက် မိမိဝယ်ထားသော ပစ္စည်းများကို သူတို့ငွေရှင်းသွားသည်။ ထိုအဘိုးကြီးနှင့် အဖွားကြီးကို ပြန်လည်မြင်ယောင်မိနေသေးသည်။ စာအုပ်ဆိုင်အတွင်း စကားအနည်းငယ်ပြောပြီး သူတို့သည်လည်း ပြန်သွားကြသည်။ မိမိလည်း လက်ဖက်ခြောက်ရောင်းသည့်ဆိုင်သို့ ၀င်ကာ လိုအပ်သည့် ပစ္စည်းပစ္စယာ လက်ဖက်ခြောက်များ ၀ယ်၍ မကုဋာရာမသို့ ပြန်လာခဲ့သည်။ ညရောက်တော့ မနက်ဖန်ခရီးဆက်ရမည့် ဖြစ်သည့်အတွက် မကုဋာရာမတွင်နေသည့် သူငယ်ချင်းများနှင့် ၀င်းထိုင်းစကားပြောဖြစ်သေးသည်။ ထိုနေ့စကားဝိုင်းသည်ကား ``နှုတ်ဆက်စကားဝိုင်း´´ဟု ဆိုရမည်ဖြစ်သည်။ စကားဝိုင်းမှ ထွက်လာသည့် စကားများသည်ကား အလွန်တန်ဖိုးရှိသော စကားများဖြစ်၏။
ထိုစကားဝိုင်းတွင် သူငယ်ချင်းများနှင့် အတွေးဖလှယ်ဖြစ်ကြသည်။ တစ်ဦးတစ်ယောက်သည်ကား အတွေးချင်းမတူညီကြချေ။ သူ့အမြင်၊ ကိုယ့်အမြင်၊ သူ့အတွေး၊ ကိုယ့်အတွေးကွဲပြားခြားနားသည်။ အတွေးအမြင် မတူသည့်အတွက် ရည်ရွယ်ချက်၊ လုပ်ဆောင်ချက် ကွဲပြားခြင်းဖြစ်မည်။ ဘာသာရေးတစ်ခုကို ခေါင်းစဉ်တင်ပြီး ၀ိုင်းဆွေးနွေးဖြစ်သကဲ့သို့ သီဟိုဠ်တွင် နေရသည့် စာသင်သားသံဃာတော်များ၏ အခက်အခဲများကိုလည်း ဆွေးနွေးဖြစ်ကြသည်။ မြန်မာအကြောင်းကို ဆွေးနွေးဖြစ်ကြသကဲ့သို့ ကမ္ဘာအကြောင်းလည်း ဆွေးနွေးဖြစ်ကြသည်။ စကားဝိုင်းဖြစ်သည့်အတွက် အကြောင်းပေါင်းစုံကို ပြောဖြစ်ကြသည်။ တစ်ခါတစ်လေ လူမှုဆက်ဆံအရေးအကြောင်း၊ လူတို့၏ စိတ်နေသဘောထားအကြောင်း၊ သတ္တ၀ါအချင်းချင်း မည်သို့မည်ပုံ မေတ္တာထားရမည့်အကြောင်းစသည်စသည်ဖြင့် အကြောင်းစုံလှသည်။ ထိုသို့ပြောဆိုဆွေးနွေးရင်း တစ်ဦးနှင့်တစ်ယောက် အတွေးအမြင်များ မတူကြသည့်အတွက် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လိုက်သေးသည်။ သို့သော်လည်း မြန်မာပြည်တုန်းက အတူနေသူငယ်ချင်းများဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိသည်။ ညှိနှိုင်း၍ အဖြေရှာကြသည်။ တစ်ခါတစ်လေ ပြောဆိုဆွေးနွေးရင်း ငြင်းကြသည်၊ ခုန်ကြသည်။ ပြီးတော့ အဖြေရှာကြသည်၊ ပြေလည်ကြသည်။ ထိုကဲ့သို့ ပြောဆိုဆွေးနွေးရသည်ကို မိမိက ပျော်သည်။ ထိုနှုတ်ဆက်စကားဝိုင်းသည် မိမိအတွက် မမေ့နိုင်စရာ စကားဝိုင်းဖြစ်၏။ စကားဝိုင်းမှ မိမိအတွက် ရှောင်ရန်၊ ဆောင်ရန်များလည်း အများအပြားပါဝင်၏။ အမှတ်တမဲ့မှ အမှတ်တရဖြစ်သွားသော စကားဝိုင်းလည်းဖြစ်ပေသည်။
ထိုနေ့သည် မိမိ ထိုင်းနိုင်ငံသို့ ခရီးဆက်ရမည့်နေ့ဖြစ်၏။ ကြိုတင်ပြုလုပ်စရာများ ရှိသည်ကို ကြိုတင်ပြုလုပ်ပြီး ပစ္စည်းပစ္စယများ သိမ်းဆည်းကာ အထုပ်အပိုးထဲသို့ ထည့်နေသည်။ သူငယ်ချင်းများကလည်း နဘေးကနေ နောက်ပြောင်ပြောဆိုရင်း ဟာသလုပ်လိုက်၊ ပြောလိုက်၊ ရယ်လိုက်နှင့် ပျော်နေကြသည်။ ပစ္စည်းပစ္စယများသိမ်းပြီး ကားသမားကို လေဆိပ်သို့ ည(၉)နာရီသွားရန် ကြိုပြောထားလိုက်သည်။ ကြိုတင်ပြုလုပ်စရာများရှိသည်ကို ကြိုတင်ပြုလုပ်ပြီး သူငယ်ချင်းများကို နှုတ်ဆက်ကာ လေဆိပ်သို့ လိုက်ပို့မည့်သူငယ်ချင်းများနှင့် ကားသမားအလာကို စောင့်နေကြသည်။ ကားသမားရောက်လာသောအခါ ကားအပေါ်သို့ အထုပ်အပိုးများတင်ပြီး လိုက်ပို့သည့်သူငယ်ချင်းများနှင့် မကုဋာရာမမြန်မာကျောင်းမှ လေဆိပ်သို့ထွက်လာခဲ့သည်။ ကားအပေါ်တွင် သူငယ်ချင်းများနှင့် စကားများ ပြောနေကြသည်။ အကြောင်းစုံလှသည်။ ကားသမားသည်လည်း လေဆိပ်သို့ ဦးတည်မောင်းနှင်နေသည်။ မိမိတို့ကလည်း အပြန်အလှန် စကားပြောကောင်းနေကြသည်။ မကုဋာရာမမှ ထွက်လာပြီး လမ်းတစ်ဝက်အရောက်တွင် သူငယ်ချင်းတစ်ပါးက ငွေအကြောင်းနှင့် ပတ်သက်၍ စကားပြောလာသည်။ ထိုစကားကို ကြားယောင်မိမှ မိမိကလည်း ငွေကိုသတိရမိသည်။ မိမိခရီးသွားမည့်ငွေကို သီဟိုဠ်ရောက်ကတည်းက သူငယ်ချင်းတစ်ပါးဆီမှာ အပ်ထား၏။ သီဟိုဠ်အတွင်း သုံးမည့်စရိတ်မျှသာလျှင် မိမိဆီမှာ ထားထား၏။ ထိုအပ်ထားသောငွေကို မိမိသည်လည်း သတိရမရချေ၊ သူငယ်ချင်းသည်လည်း မေ့နေချေသည်။ ထိုသူငယ်ချင်းသည်လည်း လေဆိပ်သို့လိုက်ပို့ရာ ကားအပေါ်တွင် ပါ၏။ သူငယ်ချင်းကို မေးကြည့်သောအခါ ငွေက မကုဋာတွင် ကျန်ခဲ့ကြောင်း သိရလေသည်။ ထို့နောက် ကားသမားကို ပြောပြကာ မကုဋာသို့ ကားကို ပြန်လှည့်မောင်းခဲ့ရ၏။ ကားပြန်လှည့်မောင်းနေစဉ် မိမိအတွင်းကား `` မလေးရှာမှ သီဟိုဠ်သို့ လာစဉ်က လေယာဉ်နောက်ကျခဲ့ဖူး၏။ ထိုသို့နောက်ကျသည့် ထုံးစံကလေး ရှိနေသောကြောင့် ဤတစ်ကြိမ်လည်း ငွေကျန်ခဲ့ပြန်ပြီ၊ တော်ပေသေး၏။ ကားကို စောစောခေါ်ထားပြီ ထွက်လာလို့ အချိန်ရနေ၏။ အကယ်၍ လေဆိပ်နားနီးမှ သတိရလျှင်ကား မိမိတွင် ငွေပါမည်မဟုတ်ပေ၊ လမ်းတွင် ဗိုက်ဆာရင်တောင်မှ ဗိုက်မှောက်အိပ်ရမည့် အနေအထားဖြစ်နေပေသည်´´ဟု စသည်စသည်ဖြင့် အတွေးများက ၀င်လာလေသည်။ ကျောင်းရောက်မှ ငွေယူပြီး တစ်ခါ လေဆိပ်သို့ ပြန်ထွက်လာခဲ့ကြရသည်။
လေဆိပ်သို့ ထွက်လာသည့်လမ်းတစ်လျှောက်လုံးနီးပါး Wesak Day အကြိုပြင်ဆင်ထားသည်မှာ ကျက်သရေရှိလှသည်။ လမ်းဆုံးလမ်းခွ အားလုံးနီးပါးပင် ဘုရားရုပ်ပန်းချီကားများ၊ သာသနာ့အလံတော်များနှင့် ဘာသာရေးဆိုင်ရာပစ္စည်းပစ္စယများစုံလင်လှသည်။ လျှပ်စစ်မီးကိုလည်း ကျက်သရေရှိအောင် အလှဆင်ထားသည်။ လေယာဉ်ကွင်းရောက်တော့လည်း အဆောက်အဦးတိုင်းလိုလို မီးဖြင့်အလှဆင်ထားသည်။ ဘာသာရေးအထိမ်းအမှတ် ပုံတော်များ၊ ပန်းချီးကားချပ်များတို့တွင်လည်း မီးဖြင့်အလှဆင်ထားသည်။ ကိုလံဘိုတမြို့လုံးသည် Wesak Dayအတွက် ကြိုတင်ပြင်ဆင်ထားသည် အလှအပများဖြင့် ကျက်သရေရှိနေသည်။ ကိုလံဘိုမြို့၏ Wesak Day အကြို ညအလှအပကျက်သရေကို ရှုစားရင်း လေဆိပ်သို့ ရောက်လာလေတော့သည်။ လေဆိပ်ရောက်တော့မှ ပစ္စည်းပစ္စယာများ ကားအပေါ်မှချပြီး လိုက်ပို့သည့် သူငယ်ချင်းများနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကြသေးသေးသည်။ ဓာတ်ပုံရိုက်ပြီး လိုက်ပို့သည့် သူငယ်ချင်းများကို နှုတ်ဆက်ကာ မိမိသည်လည်း လေဆိပ်ထဲသို့ ၀င်လာခဲ့တော့သည်။ လိုက်ပို့သည့် သူငယ်ချင်းများသည်လည်း မကုဋာရာမသို့ ပြန်သွားခဲ့ကြသည်။
လေဆိပ်ထဲတွင် လုပ်စရာရှိသည်များ ပြုလုပ်ပြီး နောက်ဆုံးဂိတ်သို့သွားကာ အ၀င်ပေါက်အနီးတွင် ထိုင်နေလိုက်တော့သည်။ ထိုင်ခုံတွင်ထိုင်းရင်း စိတ်ကူးကလေး တစ်ချက်ဝင်ရောက်လာသည်။ ``မိမိ သီဟိုဠ်ကို မလေးရှားမှ သွားစဉ်က လေယာဉ်နောက်ကျ ကျန်ခဲ့ဖူးသည်။ သီဟိုဠ်မှ ပြန်အထွက်တွင်ကား ငွေကျန်ခဲ့သည်။ ပြန်ယူရန် အချိန်မှီ၍ တော်ပေသေးသည်။ အချိန်မရတော့လျှင်ကား ငွေသော်လည်းကောင်းကျန်ခဲ့မည်။ လေယာဉ်သော်လည်းကောင်း နောက်ကျနိုင်သည်။ သီဟိုဠ်တွင် နေရသည့်အချိန်များကား မိမိအတွက် ကြည်နူးစရာကောင်းသည်။ ပျော်စရာနေ့ရက်များချည်းဖြစ်သည်။ မိတ်ဟောင်းဆွေဟောင်းများနှင့် ပြန်လည်တွေ့ရသည်။ မိမိအပေါ် တာဝန်ကျေခဲ့သည့် သီဟိုဠ်သားများနှင့်လည်း ပြန်လည်တွေ့ရသည်။ မိမိအတွက် အဓိပ္ပါယ်ရှိသည့်အတွက် မိမိကိုယ်တိုင် သီဟိုဠ်သွားရသည်မှာ ကျေနပ်သည်။ မိမိ၏ စိတ်ကို ကစားခိုင်းသည်ကား လေယာဉ်နောက်ကျကျန်ခဲ့ခြင်းနှင့် နောက်ဆုံးလေဆိပ်သို့အထွက် ငွေကျန်ခဲ့ခြင်းမျှသာဖြစ်၏။ သို့သော်လည်း ထိုကစားခိုင်းခြင်းက မိမိကို သင်္ခန်းစားပေးသည်။ နောက်တစ်ကြိမ် ထိုကဲ့သို့ မဖြစ်ရန် သတိပေးသည်ဟု ခံစားမိသည်။ Wesak Dayအတွက် ကြိုတင်ပြင်ဆင်ထားသည် လျှပ်စစ်မီးအလှအပများက မိမိကို လေဆိပ်သို့ ပို့ဆောင်နေသကဲ့သို့ ဖြစ်နေပါကောလား´´စသည်စသည်ဖြင့် စိတ်ကူးကလေး မွှေနှောက်နေစဉ် လေယာဉ်အပေါ်သို့ တက်ရန် နောက်ဆုံးလာခေါ်တော့သည်။ ထို့နောက် မိမိသည်လည်း ထိုင်းနိုင်ငံသို့ ထွက်ခွါရန် လေယာဉ်အပေါ်သို့ တက်လိုက်ပါတော့သည်။







သားရွှေ

ဝါဆိုပွဲတော် (၂၅.၀၇.၂၀၁၀)

သင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်

လာရောက်အားပေးကြသော သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေံ

ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် ရဟန်းခံပွဲတော်

ဆီမီးထွန်းပွဲ အမှတ်တရ ဓာတ်ပုံများ