သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်(၁)

10/5/10

လင်္ကာဝီကျွန်းသို့သွားရာဝယ်


အသိမိတ်ဆွေလည်းဖြစ်၊ ဆရာသမားလည်းဖြစ်တဲ့ ဘုန်းကြီးတစ်ပါးက လင်္ကာဝီကျွန်းသို့ ခရီးသွားရန် ပြောလာပါသည်။ သို့နှင့် မိမိလည်းလိုက်ပါမည်အကြောင်းဆက်ပြောရင်း သွားမည့်ဒိတ်ပါတစ်ခါတည်း သတ်မှတ်လိုက်ကြသည်။
သွားမည့်ခရီးက လင်္ကာဝီကျွန်းပါ၊ သို့သော်လည်း ကြုံကြိုက်သည့်အတွက် lunas တွင်ရှိသည့် မဟာစည်ရိပ်သာသို့လည်း ရောက်ခဲ့သည်။ ပီနန်းမြန်မာကျောင်းကြီးတွင်လည်း လင်္ကာဝီမထွက်ခွါမီတစ်ရက်နှင့် လင်္ကာဝီအပြန် တစ်ရက် ၀င်ကျိန်းခဲ့သည်။
ဤနေရာတွင် ပြောပြချင်သည်က ပီနန်းမြန်မာကျောင်းကို လူအတော်များများ သိနေကြပေမဲ့ lunas တွင်ရှိသည့် မဟာစည်ရိပ်သာကိုတော့ တစ်ချို့ချို့သော ပုဂ္ဂိုလ်များ မသိကြသေးပေ။ ထိုမသိသည့်လူစာရင်းထဲတွင် မိမိသည်လည်း အပါအ၀င်ဖြစ်ပါ၏။ butterworth မှ နာရီဝက်သာသာလောက် ကားဖြင့် ထိုရိပ်သာသို့သွားရသည်။ lunas မြို့၏ ဆင်ခြေဖုံးတစ်ရာတွင်ရှိသည်ဟု ပြောရမည်ဖြစ်သည်။ ရိပ်သာသို့ ရောက်သည်နှင့် မုခ်ဦးကြီးက ခန်းနားထည်ဝါစွာ ဆီးကြိုနေပေသည်။ ရိပ်သာအတွင်းသို့ ၀င်လိုက်သည်နှင့် တိတ်ဆိတ်ငြိမ်သက်မှုက လာရောက်ကြသည့် မိမိတို့၏ စိတ်ကို အေးချမ်းစေပါသည်။ ကျောင်းဝင်းအကျယ်အ၀န်းကို တိတိကျကျမသိရသော်လည်း အတော်ကလေး ကျယ်ဝန်းသည်ဟု ဆိုနိုင်ပေသည်။ ရိပ်သာနဘေးတွင်ရှိသည့် စမ်းချောင်းကလေးက ရိပ်သာဝင်းအတွင်းသို့ စီးဆင်းနေသည်။ ထိုစမ်းချောင်းကလေးအပေါ်တွင် ဟိုဘက်ဒီဘက်သွားရန်အတွက် တံတားကလေးထိုးထားသည်။ ကျက်သရေရှိလှပါဘိဟု မိမိဖာသာ မိမိခံစားမိသည်။ ရိပ်သာအတွင်း အမျိုးသမီးအဆောင်၊ အမျိုးသားအဆောင်ဟု သီးခြားခွဲထားသည်။ အမျိုးသမီးများအတွက် တည်ဆောက်ထားသည့် အဆောက်အဦး ကျက်သရေရှိသကဲ့သို့ အမျိုးသားများအတွက် တည်ဆောက်ထားသည် ကုဋီ(အဆောင်)လေးများကလည်း ကျက်သရေရှိလှပါသည်။ မြန်မာပြည်၏ ရိပ်သာပုံစံတစ်ခုနှင့်ဆင်တူပါသည်။ တရားအားထုတ်သည့်နေရာ၊ နာယကဆရာတော်များသီတင်းသုံးသည့်နေရာနှင့် သိမ်စသည်ဖြင့် သီးခြား အဆောက်အဦးကလေးများရှိသည်။ မိမိလည်း ရိပ်သာအတွင်းကို လှည့်ပတ်ကြည့်ပြီး စိတ်ကြည်နူးနေမိသည်။ ထို့နောက် တာဝန်ရှိသည့် နာယကဆရာတော်များနှင့် စကားအနည်းငယ်ပြောပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကာ မိမိတို့အဖွဲ့ ပီနန်းမြန်မာကျောင်းသို့ လာခဲ့တော့သည်။
မနက်အာရုဏ်ဆွမ်းစားပြီး လင်္ကာဝီကျွန်းသို့သွားရန် သင်္ဘောဆိပ်သို့ လာကြသည်။ သင်္ဘောသည်ကား ထားဝယ်-ကော့သောင်း ပြေးဆွဲသည့် စပိဘုတ်သင်္ဘောနှင့် ဆင်တူပင်ဖြစ်၏။ သင်္ဘောမောင်းနှင်းနေစဉ် မိမိတို့အဖွဲ့ သင်္ဘောအပေါ်သို့ တက်ကာလေညှင်းခံရင်း အမှတ်တရဓာတ်ပုံများရိုက်ဖြစ်ကြသည်။ ပီနန်းမှ ထွက်ခွါပြီး သုံးနရီးလောက် ခရီးရောက်သောအခါ လင်္ကာဝီကျွန်းသို့ ဆိုက်ကပ်ပါတော့သည်။ သင်္ဘောစရိတ်ကား အသွား-၆၀-ရင်းဂစ်၊ အပြန် ၆၀-ရင်းဂစ်ဖြစ်သည်။
လင်္ကာဝီကျွန်းတွင် ထူးခြားသည့်နေရာများကား ကျွန်းသို့မရောက်မီ အဝေးမှ လှမ်းမြင်နိုင်သည့် သိန်းငှက်ကြီးရုပ်တု၊ လင်္ကာဝီကျွန်း၏ အလှသခင်မ မာစူရီပြတိုက်၊ ကျွန်းပတ်လှေများဖြင့် လည်ပတ်ရသည့် ရေငံကျွန်များမှ ရေချိုကန်၊ အဝေးမှလှမ်းကြည့်လျှင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်ဆင်တူသည့် တောင်တန်း၊ ခရီးသည်အများစု ရေချိုးကြသည့် သဲဖြူကျွန်း၊ သိန်းငှက်များအား အစာကျွေးသည့်ပင်လယ်ရေပြင်တစ်နေရာ၊ ရေအောက်ကမ္ဘာ ငါးပြတိုက်၊ မီးကျောင်းကန်နှင့် မီးကျောင်းပြပွဲ၊ ကေဘယ်နှင့်တောင်အမြင့်ကြီးသို့တက်ရသည့် ကောင်းကင်တံတား၊ သဲမည်း၊ သဲဖြူကျွန်းတို့နှင့် မဟာသီပြတိုက်တို့ရှိသည်။ အထက်ဖော်ပြခဲ့သော နေရာများသည် လင်္ကာဝီကျွန်းသို့ ရောက်လျှင် မသွားမဖြစ် သွားသင့်သည့်နေရာများဖြစ်သည်။
ကုန်ကျစရိတ်အားဖြင့် ကျွန်းပတ်ကားငှားလျှင် တစ်ရက် ၁၅၀-ရင်းဂစ် ပေးရသည်။ ကျွန်းပတ်လှေစီးလျှင်ကား တစ်စင်းလုံးငှားလျှင် ၂၅၀-ရင်းဂစ် ပေးရပြီး၊ အများနှင့်ရောစီးလျှင် တစ်ဦးကို ၃၀-ရင်းဂစ်ပေးရသည်။ တောင်အပေါ်သို့ ကေဘယ်နှင့်တက်လျှင် တစ်ဦးကို ၃၀-ရင်းဂစ်၊ မာစူရီပြတိုက်နှင့် မဟာသီပြတိုက်ဝင်ကြည့်လျှင် တစ်ဦးကို ၁၀-ရင်းဂစ်၊ ရေအောက်ကမ္ဘာငါးပြတိုက်ကြည့်လျှင် တစ်ဦးကို ၂၀-ရင်းဂစ် အသီးသီးပေးရပါသည်။

မိမိတို့အဖွဲ့ ကမ်းခြေတစ်နေရာတွင်ရှိသည့် တည်းခိုခန်းတစ်ခုတွင် တည်းခိုကြသည်။ တည်းခိုအခန်းခ တစ်ညကို ၁၃၀-ပေးရသည်။ ထိုကမ်းခြေသည်လည်း သူ့အလှနှင့် တင့်တယ်နေသည်။ ခရီးသည်အများစုသည်လည်း ထိုနေရာတွင် တည်းခိုးကြသည်။ လင်္ကာဝီကျွန်းသည် သွားရောက်လည်ပတ်သင့်သော ကျွန်းတစ်ကျွန်းဖြစ်သည်။ အရမ်းတိုးတက်နေသည်ဟု မဆိုနိုင်သော်လည်း တိုးတက်နေဆဲ ကျွန်းတစ်ကျွန်းဟု ပြောလျှင် ပို၍မှန်ကန်ပါလိမ့်မည်။ အနောက်တိုင်းနိုင်ငံခြားသား အများစု လာရောက်လည်ပတ်နေကြသည်ကိုလည်း ထိုကျွန်းတွင်တွေ့မြင်ရသည်။ လင်္ကာဝီကျွန်းသည် ပီနန်းကျွန်းထက် ကြီးသော်လည်း ပီနန်းကျွန်းလောက် တိုးတက်မှုမရှိသေးပေ။ စည်းကားမှုသည်လည်း ပီနန်းကျွန်းကို မမှီသေးချေ။ သို့သော်လည်း သွားရလာရသည်မှာ စိတ်ချမ်းသာမှု ရှိသည်။ ထိုကျွန်းအပေါ်တွင် ဒုစရိုက်မှုနည်းပါးကြောင်း၊နေရထိုင်ရသည်မှာလည်း အေးချမ်းမှုရှိကြောင်းနှင့် လုံခြုံမှုရှိကြောင်း ကားသမားက ပြောပြသည်။
ထိုကျွန်း၏ စည်းပွားရေးသည်လည်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များကို အဓိကထားရကြောင်းနှင့် ခရီးအသွားအလာနည်းပါးလျှင် စားဝတ်နေရေးကြပ်တည်းကြောင်း သိရသည်။ ရာသီဥတုကား အပူအအေးမျှတသည်ဟု ဆိုနိုင်ပေသည်။ သဘာဝလေကောင်းလေသန့်များရပြီး တောတောင်၏ စိမ်းလန်းမှုက ခရီးသွားများကို စိတ်ကြည်နူးစေပါသည်။
သာယာလှပသည့် လင်္ကာဝီကျွန်းတွင် မိမိတို့အဖွဲ့ တစ်ညအိပ် နှစ်ရက်ခရီးလည်ပတ်ခဲ့ပြီး ပီန်းကျွန်းသို့ ပြန်လာခဲ့သည်။
ခရီးသွားခြင်းသည် အတွေ့အကြုံ ဗဟုသုတအသစ်များရသကဲ့သို့ စိတ်လန်းဆန်းမှုလည်းရပါသည်။ မမြင်ဖူး၊ မတွေ့ဖူးသော အရာများကို တွေ့ရမြင်ရသကဲ့သို့ မသိကျွမ်းဖူးသည့် အသိမိတ်ဆွေများကိုလည်း သိကျွမ်းရသည်၊ ခင်မင်ခွင့်ရသည်။ လောကတွင် အတွေ့ကြုံဗဟုသုတ၊ အသိမိတ်ဆွေများသည်ကား အမြဲတမ်းလိုအပ်နေမည်ဖြစ်သည်။ လင်္ကာဝီကျွန်းခရီးစဉ်တွင်လည်း အတွေ့အကြုံ ဗဟုသုတများရသကဲ့သို့ အသိမိတ်ဆွေများလည်း ရခဲ့သည်။ ထို့ကြောင့် ဤလင်္ကာဝီကျွန်း ခရီးစဉ်သည် တန်ခိုးမဖြတ်နိုင်သော ခရီးတစ်ခုဟု ဆိုလျှင်လည်း မှားအံ့မထင်ပေ။ မိမိကိုယ်တိုင်လည်း အားရကျေနပ်နေမိသည်။ အားလုံး ပြုံးရွှင်နိုင်ကြပါစေဟု……………......







သားရွှေ

ဝါဆိုပွဲတော် (၂၅.၀၇.၂၀၁၀)

သင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်

လာရောက်အားပေးကြသော သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေံ

ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် ရဟန်းခံပွဲတော်

ဆီမီးထွန်းပွဲ အမှတ်တရ ဓာတ်ပုံများ