သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်(၁)

10/5/10

မတူ-ထူးသည့်ခရီးစဉ် (၆)


သီဟိုဠ်နိုင်ငံကို နှုတ်ဆက်ခဲ့ပြီး ညလေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ သက်ဆင်းခဲ့သည်။ လေဆိပ်ရောက်သည်အချိန် ထိုင်းစံတော်ချိန်ဖြင့် မနက် ၇-နာရီရှိနေလေပြီ။ သုဝဏ္ဏဘူမိလေဆိပ်၏ သာယာလှပခြင်း၊ ခန်းနားထည်ခြင်းတို့ကို ကြည့်ပြီး မျက်နှာငယ်ကလေးနှင့် မြန်မာပြည်၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြေးမြင်မိသေးသည်။ သို့သော်လည်း ကံတရားကိုသာ ရိုးမယ်ဖွဲ့ပြီး ခပ်တည်တည်ပင် လေဆိပ်မှ အပြင်သို့ ပါလာသည့်အိပ်ကလေးဆွဲပြီး ထွက်လာပါတော့သည်။ ကြိုသူမရှိပေ၊ ကြိုမည့်သူကိုလည်း မကြိုရန်ပြောထားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ အရင်ကလည်း ရောက်ဖူးပြီးသားမို့ ဘန်ကောက်အကြောင်း တီးမိခေါက်မိရှိနေလေပြီး။ ထို့ကြောင့်လည်း မကြိုရန် ပြောထားခြင်းဖြစ်သည်။
တက္ကစီငှားပြီး ကားအပေါ်သို့တက်ထိုင်လိုက်သည်။ ပြီးတော့ ဖုန်းကဒ်လဲပြီး သွားမည့်နေရာကို ဖုန်းဖြင့် ကွန်တက်လုပ်လိုက်သည်။ တက္ကစီသမားကို သွားမည့်နေရာပြောကာ မောင်းခိုင်းလိုက်တော့သည်။ မြန်မာပြည်ဆို ဖုန်းဆိုင်ပြေးနေရဦးမည်။ ဤထိုင်းနိုင်ငံတွင် ကိုယ့်နိုင်ငံမဟုတ်သော်လည်း လက်ကိုင်ဖုန်းသုံးရသည်မှာ အဆင်ပြေသည်။ ထို့ကြောင့်လည်း ခရီးသွားရ၊ လာရသည်မှာ အခက်အခဲမရှိပေ။ သိပ်မကြာခင် အေးဘက်တက္ကသိုလ်အနီးအနားရှိ အသိမိတ်ဆွေ အိမ်တစ်အိမ်သို့ ဆိုက်ရောက်ပါတော့သည်။ အိမ်သူအိမ်သားများသည်လည်း မိမိရောက်လာမည်သိသောကြောင့် ဆွမ်းကွမ်းအစ လိုလေသေးမရှိ ကြိုတင်ပြင်ဆင်ထားကြသည်။ အာရုဏ်မစားရသေးသောကြောင့် တစ်ခါတည်း ဘုဉ်းပေးလိုက်တော့သည်။
နေ့ဆွမ်းကိုလည်း ထိုအိမ်တွင် ဘုဉ်းပေးသည်။ နေ့ဆွမ်းဘုန်းပေးပြီးနောက် ဘန်ကောက်မြို့ မြဘုရားအနီးရှိ ၀ပ်မဟာထပ်ကျောင်းတွင် သီတင်းသုံးသည့် အသိမိတ်ဆွေဆီသို့ လာခဲ့သည်။ ထိုမိတ်ဆွေနှင့် စကားပြောဆွေးနွေး၊ ကမ္ဘောဒီးယားသွားရန် သတင်းအချက်အလက်ယူပြီး ထိုကျောင်းတွင် တစ်ညအိမ်လိုက်သည်။ နောက်တစ်နေ့မနက် ၁၁-နာရီတွင် ကမ္ဘောဒီးယားသို့ ဘတ်စ်ကားဖြင့် လိုက်သွားသည်။ ထိုင်းနယ်စပ် ပွိုင့်ပက်သို့ ညနေ ၅-နာရီးအချိန်တွင် ရောက်သည်။ ထို့နောက် ထိုင်းအင်မေဂရေးရှင်း၊ ကမ္ဘောဒီးယား အင်မေဂရေးရှင်းဝင် တုံးထုပြီး ကမ္ဘောဒီးယားဘက်သို့ ရောက်သွားသည်။
ကမ္ဘောဒီးယားမြေကို နင်းလိုက်မိပြီး မြင်လိုက်ရသည့် လူများလှုပ်ရှားသွားလာနေကြသော မြင်ကွင်းနှင့် အဆောက်အဦး၊ သဘာဝပတ်ဝန်းကျင်တို့ကို ကြည့်ပြီး အမိမြန်မာပြည်ကို လွှမ်းမိသေးသည်။ လူများသွားလာလှုပ်ရှားပုံ၊ အဆောက်အဦးများတည်ဆောက်ပုံမှာ မြန်မာပြည်နှင့် တထပ်တည်းဟု ဆိုနိုင်ပေသည်။ ထိုနေ့ မိုးတဖွဲ့ဖွဲ့ကလေး ကျနေသည့်အတွက် မပီပြင်ဖုန်းများရောနေသော ကတ္တရာလမ်းလေးသည်လည်း ညစ်ပေနေသည်။ ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်လျှင် လမ်းများသည်ကား တခြားစီပင်ဖြစ်သည်။ မြန်မာကဲ့သို့သော လမ်းများသာဖြစ်သည်။ ထို့ကြောင့်လည်း မြန်မာပြည်ကို ပြေးမြင်မိခြင်းဖြစ်ပေသည်။ ထို့နောက် တက္ကစီငှားပြီး Angkor wat သို့လာခဲ့သည်။ နယ်စပ်မှ Anglor wat သို့ သုံးနာရီးကျော်ကျော် မောင်းရသည်။ Angkor wat သို့ရောက်လျှင် ည ၉-နာရီးကျော်နေလေပြီ။ Angkor watမြို့သည်ကား ညအချိန်ဖြစ်သော်လည်း စည်ကားနေဆဲပင်ဖြစ်သည်။ မိမိတည်းခိုရန် တည်းခိုခန်းကား ကြိုတင်မမှာထား၊ မည်သည့်တည်းခိုးခန်းတွင် တည်းခိုရမည်မှန်းလည်း မသိသောကြောင့် တက္ကစီသမားကို အကူအညီတောင်းပြီး နီးစပ်သည့် တည်းခိုးခန်းသို့ ပို့ခိုင်းရသည်။ တည်းခိုခန်းတွင် အခန်းငှားပြီးနောက် ခဏအနားယူ ရေမိုးချိုးပြီး မောမောနှင့် ခပ်စောစောကလေး အိပ်စက်အနားယူလိုက်သည်။
မနက်အိပ်ရာနိုးတော့ ၇-နာရီးရှိနေလေပြီ။ အခန်းမှအောက်သို့ဆင်းပြီး တည်းခိုခန်းစားသောက်ဆိုင်တွင် ခေါက်ဆွဲနှင့် လက်ဖက်ရည်ထိုင်သောက်လိုက်သည်။ ပြီးတော့မှ ကောင်တာတွင် Angkor wat ကျောင်းတော်များကို မည်သို့မည်ပုံလည်ပတ်ရမည့်အကြောင်း သတင်းအချက်အလက်မေးရသည်။ သရီးဝီးဆိုင်ကယ်နှင့်သွားလျှင် အဆင်ပြေကြောင်း ပြောသည့်အတွက် သရီးဝီးတစ်စီးခေါ်ခိုင်းလိုက်သည်။ သူတို့သရီးဝီးသည်ကား အခြားနိုင်ငံများ၏ သရီးဝီးနှင့်မတူချေ၊ တမူထူးခြားပေသည်။ မော်တော်ဆိုင်ကယ်နောက်တွင် အမိုးနှင့်တကွ လေးဘီးအတွဲကလေး ချိတ်ထားရုံသာဖြစ်သည်။ ထိုလေးဘီးအပေါ်တွင် ဆိုဖာထိုင်ခုံနှင့် သန့်သန့်ကလေးလုပ်ထားသည်။ ထို သရီးဝီးခေါ် မော်တော်ဆိုင်ကယ်အပေါ်သို့ တက်ထိုင်လိုက်ပြီးနောက်သရီးဝီးနှင့် Angkor Wat ကျောင်းတော်များသို့ လိုက်လည်ပါတော့သည်။ ထိုကျောင်းတော်သို့ ၀င်ကြေးသည်ကား တစ်ရက်ကို အမေရိကန်ဒေါ်လာ ၂၀-ဖြစ်သည်။ သို့သော်လည်း သုံးရက်လည်ပတ်လျှင် ဒေါ်လာ ၄၀-သာပေးရသည်။
Angkor wat ရှေးဟောင်းကျောင်းတော်များသည် Angkor မြို့ပေါ်တွင်တည်ရှိသည်။ Angkor watအတွင်း ရှေးဟောင်းကျောင်းပေါင်း မြောက်များစွာတည်ရှိသည်။ ထို Angkor wat သည် Central Angkor, Eastern Angkor, Northeastern Angkor ဟုရှိသည်။ Angkor တိုင်းတွင် ရှေးဟောင်းကျောင်းပေါင်း မြောက်စွားရှိသည်။ ဥပမာ- Central Angkor တွင် Angkor Wat, Ta Prohm Kel, Bayon, Bapuon, Angkor Thom များရှိသကဲ့သို့ ကျန်သည့် Angkor များသည်လည်း ထိုကဲ့သို့ ရှေးဟောင်းကျောင်းတော်များ ရှိကြသည်။ Angkor မဟုတ်ဘဲ ရှေးဟောင်းထူးခြားသည့် အဆောက်အဦးများလည်း များစွာရှိသေး၏။ အပြည့်အစုံသိလိုလျှင် ANCIENT ANGKOR စာအုပ်ကို ဖတ်ရှုလေ့လာနိုင်ပါသည်။ Angkor ကို ၉-ရာစုတွင် Jayavarman ဒုတိယမင်းက တည်ထောင်သည်ဟု သိရသည်။ မိမိတို့ ကြားဖူးနားဝရှိသည်က Angkor Wat တစ်ခုတည်းသာဖြစ်၏။ ကျောင်းပေါင်းမြောက်များစွာရှိမှန်း ကိုယ်တိုင်ရောက်မှ သိရတော့သည်။
မိမိတို့ကြားဖူးနေသည့် Angkor Wat ကျောင်းတော်ကြီးတစ်ခုသည်ပင် အလွန်ကြီးမားသည်။ ကျောင်းဝင်းအတွင်း ကျောင်းပေါင်းများစွာတည်ရှိပြီး အလည်တည့်တည့်တွင် ကြီးမားသည့် အဆောက်အဦးတည်ရှိသည်။ နဘေးပတ်ပတ်လည်တွင် ကျုံးများဖြင့် ၀န်းရံထားသည်။ ထိုကျောင်းကို ၁၂-ရာစု အစောပိုင်းတွင် Suryavarman ဒုတိယမင်းက တည်ဆောက်ခဲ့သည်ဟုသိရသည်။ မြန်မာပြည်၏ ပုဂံခေတ်နှင့် ခေတ်ပြိုင်ဖြစ်မည်။ ဗိသုကာလက်ရာများသည် အလွန်ကောင်း၏။ တစ်ချို့ပျက်စီးနေပြီး တစ်ချို့ ရှေဟောင်းမူရင်းအတိုင်း ကျန်နေသေးသည်။ သူတို့နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်ထိမ်းသိန်းသည်မှာ အတုယူစရာတစ်ခုပင်ဖြစ်သည်။ ကျန်သောကျောင်းများသည်လည်း ရာစုအားဖြင့် ၁၂၊ ၁၃-ရာစုတွင် တည်ဆောက်ကြသည်။ Angkor Wat ကဲ့သို့ နာမည်ကြီးသော ကျောင်းတော်များ အများအပြားပင်ရှိသေး၏။ အထူးသဖြင့် Ta Prohm Kel, Bayon, Bapuon, Angkor Thom တို့လည်း အလားတူနာမည်ကြီးပင်ဖြစ်သည်။ ဗီသုကာလက်ရာများသည်ကား အကုန်လုံးနီးပါး တစ်ခေတ်တည်းကို ညွှန်ပြနေသည်။ ကျောင်းအားလုံးသည် Angkor Wat ကျောင်းကဲ့သို့ မဟုတ်ပေ။ Angkor Wat နီးပါးလောက် ကြီးမားသည့် ကျောင်းရှိသကဲ့သို့ ထိုထက်ကြီးသည့် ဥယျာဉ်ခြံနှင့်တကွ ကျောင်းများလည်းတည်ရှိသည်။ ငယ်သောကျောင်းများသည်လည်း အများအပြားပင်ရှိသည်။ သို့သော်လည်း ယနေ့အချိန်တွင် အဆောက်အဦးများမှာ တစ်ချို့ ပြိုကျပျက်စီးနေပြီး၊ တစ်ချို့ သစ်ပင်များဝါးမျိုထားသည်။ တစ်ချို့ ရှေးဟောင်းမူရင်းအတိုင်းတည်ရှိပြီး၊ တစ်ချို့ ပျက်စီးသွားကြပြီဖြစ်သည်။ ထိုခေတ် ထိုအချိန် ကမ္ဘောဒီးယားနိုင်ငံ ခမာလူမျိုးကြားတွင် ဗုဒ္ဓဘာသာ အလွန်းထွန်းကားခဲ့ကြောင်း ထို Angkor Wat က မီးမောင်းထိုးပြနေသည်။
သရီးသမားသည်ကား အလွန်သဘောကောင်းပါသည်။ Angkor Wat သို့တစ်နေ့ လည်ပတ်ပြီးသောအခါ နောက်တစ်နေ့လည်ပတ်ရာတွင်လည်း သူ့ကိုပင် ငှားဖြစ်သည်။ အရင်နေ့က အတွေ့အကြံအားဖြင့် နိုင်ငံခြားသားဖြစ်သော မိမိက ပစ္စည်းပစ္စယ၊ အစားအသောက်များ ၀ယ်ယူလျှင် ဈေးအနည်းငယ်ကွာနေသည်။ ထိုအခြင်းအရာကို သူသိသောကြောင်း နောက်တစ်နေ့တွင် ပစ္စည်းပစ္စယများ၊ အစားအသောက်များကို သူကိုယ်တိုင် ၀ယ်ပေးတော့သည်။ နေရာအကုန်လုံးနီးပါးကို လိုက်ပြပေးသည်။ အချို့အချို့သော နိုင်ငံခြားသားများ မသွားသည့် နေရာများကိုလည်း လိုက်ပို့ပေးသည်။ သရီးဝီးမောင်းရင်းနှင့် သူုတို့နိုင်ငံ၏ ထူးခြားချက်များကိုလည်း ပြောပြသည်။ သရီးဝီးနှင့်သွားရင်း လမ်းဘေးရှိရွာများကို ကြည့်လျှင် မိမိသည် ကိုယ့်နိုင်ငံအတွင်း ခရီးသွားနေရသကဲ့သို့ ခံစားရသည်။ သူတို့၏ လူနေမှုပုံစံများကား မြန်မာလူနေမှုပုံစံနှင့် တစ်ထေရာတည်းပင်ဖြစ်သည်။ အဆောက်အဦးတည်ဆောက်ပုံနှင့် လူများသွားလှုပ်ရှားပုံ၊ လူတို့၏ မျက်နှာပုံစံနှင့် အသားအရေများက မြန်မာကဲ့သို့ပင်ဖြစ်၏။ မိမိက ဈေးဆိုင်သွား၍ ဈေးဝယ်သောအခါ သူတို့က ခမာစကားဖြင့် လှမ်းပြောသည်။ ခမာ မဟုတ်ကြောင်း မနည်းပြောယူရသည်။ ထို့နောက် ဘယ်နိုင်ငံမှလာသလဲဟု မေးသောကြောင့် မိမိက မြန်မာနိုင်ငံက လာသည်ဟု ပြောသောအခါ တစ်ချို့သော ပုဂ္ဂိုလ်များ နားမလည်ကြချေ။ သရီးဝီးသမား ကူ၍ပြောပြမှ သူတို့လည်း နားလည်သဘောပေါက်သွားကြပြီး ၀ိုင်းရီးကြသည်။ အဘယ်ကြောင်းဆိုသော် သူတို့နိုင်ငံက မြန်မာနိုင်ငံ၊ မြန်မာလူမျိုးကို “ဖုန်းမယား”ဟု ခေါ်ကြောင်း သရီးဝီးသမားက ရှင်းပြမှ သဘောပေါက်တော့သည်။ ထို့ကြောင့် နောက်တစ်ခါ မေးလာသောသူများကို “ဖုန်းမယား”ဟု ပြောလိုက်လျှင် နှစ်ခါထပ်ပြီး ပြောစရာမလိုတော့ပေ၊ သူတို့ မြန်မာနိုင်ငံက လာသည်ဟု အလိုလိုသဘောပေါက်သွားတော့သည်။
လည်ပတ်ရင်း ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ရောက်သော် ဒကာ၊ ဒကာမများက ကျောင်းလှေခါးတွင်ထိုင်ပြီး လှေခါးထိပ်မှ ဘုန်းကြီးတစ်ပါးက ဆီမီးတိုင်ကိုင်ကာ နဘေးတွင်ရှိသည့် စင်းအိုးထဲမှ ရေကိုခပ်၍ ပါးစပ်က တတွတ်တွတ်ရွတ်ကာ ရေဖျန်းပေးနေသည်။ စိတ်ဝင်စားသောကြောင့် သရီးဝီးသမားကို မေးကြည့်သောအခါ သရီးဝီးသမားက “ဘေးရန်အန္တရာယ်များ၊ ရောဂါဘယများကင်းရှင်းရန် လပြည့်နေ့ ကျောင်းသို့လာပြီး ဘုန်းကြီးဆီမှာ ဤကဲ့သို့ ရေချိုးကြကြောင်း”ပြောပြပါသည်။ ဤသည်မှာ သူတို့ရိုးရာ၊ သူတို့ဓလေ့အရ ယုံကြည်ကိုးကွယ်မှု တစ်ခုပင်ဖြစ်သည်။ မိမိတို့မြန်မာနိုင်ငံတွင် ရိုးရာဓလေ့အရ ကိုးကွယ်ယုံကြည်မှု၊ လုပ်ထုံးလုပ်နည်းစသည် အမျိုးမျိုးရှိသကဲ့သို့ပင်ဖြစ်ပေသည်။
Angkor မြို့သည် နိုင်ငံခြားသား ခရီးသွားဧည့်သည်များဖြင့် နေ့နေ့ညည စည်ကားနေသည်။ သူ့ပုံစံ၊ သူ့အထိုက်အလိုက် သာယာအေးချမ်းသော မြို့ဟု ဆိုနိုင်ပေသည်။ ကြီးမားသော ဟိုယ်တယ်ကြီးများ၊ စည်ကားသော ဈေးဆိုင်များ ရှိသည်။ မြန်မာနိုင်ငံ ပုဂံထက်တောင် စည်ကားသည်ဟု ထင်မိပါသည်။
Angkor Wat ရှေးဟောင်းကျောင်းတော်ရာများကို လည်ပတ်ပြီး သူတို့နိုင်ငံ၏ ရှေးဟောင်း မူရင်းမပျက်အောင် ထိမ်းသိန်းစောင့်ရှောက်တတ်ပုံ၊ ရှေးဟောင်းအမွေအနှစ်များကို ပြပြီးငွေရှာတတ်ပုံတို့ကို စိတ်ထဲချိုးကျူးနေမိသည်။ မိမိတို့မြန်မာနိုင်ငံနှင့် ထိုအချင်းအရာတွင် ကွာချင်တိုင်း ကွာနေပေသည်။ မြန်မာနိုင်ငံသည် ရှေးဟောင်းအမွေအနှစ်များ ပိုင်ဆိုင်ထားသော်လည်း မထိမ်းသိန်း၊ မစောင့်ရှောက်တတ်သည့်အတွက် ဤကဲ့သို့သော ၀င်ငွေများ မရရှိပေ။ ရှေးဟောင်းကို ပြုပြင်ပြောင်းလွဲခြင်းကြောင့်လည်း နိုင်ငံခြားသားများ စိတ်ဝင်စားမှု အားနည်းရသည်စသည်ဖြင့် တွေးရင်း စိတ်မကောင်းဖြစ်မိသည်။
မိမိသည် Angkor Wat ရှေးဟောင်းကျောင်းတော်များကို နှစ်ရက်လည်ပတ်ရာ သရီးဝီးခ တစ်ရက်ကို အမေရိကန်ဒေါ်လာ ၂၀-ကျပါသည်။ တစ်ရက်တည်း လည်ပတ်ခြင်းဖြင့် မပြည့်စုံနိုင်ပေ။ နှစ်ရက်လည်ပတ်မှ ပြည့်ပြည့်စုံစုံ ရောက်နိုင်ပေသည်။ တည်းခိုခန်းတွင်ကား သုံးညတည်းခဲ့သည်။ တည်းခိုခ တစ်ညကို အမေရိကန်ဒေါ်လာ ၂၀-ကျပါသည်။ ထို့နောက် Angkor Wat ကို နှုတ်ဆက်ကာ ဘတ်စ်ကားဖြင့် ထိုင်းနိုင်ငံသို့ ပြန်လှည့်လာခဲ့ပါသည်။






သားရွှေ

ဝါဆိုပွဲတော် (၂၅.၀၇.၂၀၁၀)

သင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်

လာရောက်အားပေးကြသော သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေံ

ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် ရဟန်းခံပွဲတော်

ဆီမီးထွန်းပွဲ အမှတ်တရ ဓာတ်ပုံများ