သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်(၁)

9/22/09

နင်လားဟဲ့ သေခြင်း


အသက်ခန္ဓာ ရလာသော သတ္တ၀ါမှန်သမျှ ဧကန်မုချပင် သေဆုံးကြရမည်၊ သေဆုံးခြင်း ဓမ္မတာသဘောရှိ၏။ “မွေးဖွားခြင်းအစသည် သေဆုံးခြင်းအဆုံးရှိ၏“ဟု ဆိုရိုးရှိသကဲ့သို့ သတ္တ၀ါမှန်သမျှသည် သေခြင်းတရားနှင့် ရင်ဆိုင်ကြရမည်မှာ မြေကြီးလက်ခတ် မလွဲပင်ဖြစ်၏။ ထို သေခြင်းတရားကို မည်သို့သောတန်ခိုးရှင်၊ ဖန်ရှင်များသည် မလွန်ဆန်နိုင်ပေ၊ ရှောင်လွှဲ၍လည်း မရနိုင်ပေ။ “သဗ္ဗဇီဝိတံ မရဏပရိယောသာနံ=အသက်ရှင်ခြင်းသည် သေဆုံးခြင်းအဆုံးရှိ၏“ဟု ဘုရားဟောရှိသကဲ့သို့ အသက်ရှင်ရပ်တည်လာသော သတ္တ၀ါတိုင်းသည် အမှန်ပင် သေဆုံးကြရမည် ဖြစ်၏။

ထိုသို့ သတ္တ၀ါတို့ သေဆုံးခြင်းနှင့်စပ်၍ သေခြင်းတရားသည် လေးပါးရှိ၏။ ထို လေးမျိုးသော သေခြင်းတရားသည်ကား-
၁။ အာယုက္ခယ= အသက်တမ်းကုန်၍ သေခြင်း၊
၂။ ကမ္မက္ခယ= ကံကုန်၍ သေခြင်း၊
၃။ ဥဘယက္ခယ= အသက်၊ ကံ နှစ်ပါးစုံကုန်၍ သေခြင်း၊
၎။ ဥပစ္ဆေဒက= ကားမှောက်၊ ရေနစ်၊ လေယာဉ်ပျက်၊ လက်နက်စူးဝင်စသည်စသည်တို့ကြောင်း သေခြင်းတို့ ဟူ၍ဖြစ်၏။
ထိုလေးမျိုးတို့တွင် ရှေ့သုံးမျိုးကို ကာလမရဏ-သေချိန်ရောက်၍ သေခြင်းဟု ခေါ်၏။ နောက်တစ်မျိုးကိုကား အကာလမရဏ-သေချိန်မကျရောက်ဘဲ အန္တရာယ်တစ်မျိုးမျိုးကြောင့် သေခြင်းဟု ခေါ်၏။
ထိုသေခြင်းလေးမျိုးတို့တွင် အသက်ရှိသတ္တ၀ါများသည် တစ်နေ့နေ့ တစ်ချိန်ချိန် ဧကန်မုချ ရင်ဆိုင်ကြရမည်ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားက “
နတ္ထိ ဇာတဿ အမရဏံ =မွေးဖွားလာသော သတ္တ၀ါမှန်သမျှ မသေခြင်းဆိုသည် မရှိ“ဟု ဟောကြားဆုံးမခဲ့၏။ သေခြင်းတရားသည် သူ့သဘာဝအတိုင်း ရှိနေမည်ဖြစ်၍ မည်ကဲ့သို့သော တန်ခိုးရှင်၊ ဖန်ဆင်းရှင်၊ အာဏာရှင်များက မဟန့်တားနိုင်၊ မလွန်ဆန်နိုင်ပေ။ ဥပမာအားဖြင့် မြေပေါ်၌ ပေါက်လာသော မှိုငုံထိပ်သည် မြေမှုန်များကပ်၍ ပါလာရမြဲဖြစ်သကဲ့သို့လည်းကောင်း၊ အရှေ့အရပ်မှ ထွက်ပေါ်လာသော နေသည် အရှေ့သို့ ပြန်မသွားဘဲ အနောက်သို့သာ ရွေ့လျှားသွား၍ နောက်ဆုံး နေ၀င်သွားသကဲ့သို့လည်းကောင်း၊ တောင်ပေါ်မှ စီးကျလာသောရေသည် အပေါ်သို့ ပြန်မတက်ဘဲ အောက်သို့သာ အစဉ်စီးဆင်းကြမြဲဖြစ်သကဲ့သို့လည်းကောင်း ဘ၀ဇာတိ ရလာပြီးသော သတ္တ၀ါမှန်သမျှသည် အို၊ နာ၊ သေဟူသော တရားဆီသို့သာ တောက်လျှောက်သွားရမြဲဖြစ်၏။ မည်သူ၊ မည်ဝါ အဘယ်သို့သော ပုဂ္ဂိုလ်သတ္တ၀ါဟူ၍ သေခြင်းတရားက သို့မဟုတ် သေမင်းက ခွဲခြားခြင်းမရှိ၊ မျက်နှာသာပေးခြင်းမရှိပေ။ အချိန်ကျလာသောအခါ ဓမ္မတာသဘာဝအတိုင်း ခေါ်မြဲခေါ်မည်သာဖြစ်၏။
မဃဒေ၀လင်္ကာဆရာတော်က “မျက်စီးနားနှာ၊ ကိုယ်အင်္ဂါကား၊ အို၊ နာ၊ သေမျိုး၊ နိမိတ်ဆိုးတည်း“ဟု လင်္ကာရေးစပ် ဆုံးမခဲ့၏။ မျက်စီး၊ နား၊ နှာစသည် ကိုယ်အင်္ဂါသည် အမြဲတမ်း ပျက်လိုက်၊ ဖြစ်လိုက်၊ နာလိုက်၊ ကောင်းလိုက် ဖြစ်၍နေ၏။ ဤကိုယ်ခန္ဒာ၊ ကိုယ်အင်္ဂါတို့သည် အို၊ နာ၊ သေဟူသော တရားတို့၏ ရှေ့ပြေးနိမိတ် အမှန်ပင်ဖြစ်၏။
သေခြင်းတရားကျရောက်လာသော ပုဂ္ဂိုလ်သတ္တ၀ါတို့သည် သေခြင်းတရားကို ကြောက်ရွံ့၍ တောင်ခုနစ်ခွေ၊ ရေခုနစ်ထပ်၊ လေးကျွန်းမြင်းမိုရ်၊ ကောင်းကင်သမုဒ္ဒရာ၊ စကြ၀ဠာထဲ၌ ပုန်းအောင်းခိုလွှဲနေသော်လည်း သေခြင်းတရားသည် မုချဧကန်ပင် ရောက်လာမည်ဖြစ်၏။ မည်သို့သောသတ္တ၀ါမှန်သမျှ ရှောင်လွှဲ၍မရနိုင်ချေ၊ သေခြင်းတရားကို လာဘ်ကျေးငွေပေး၍ ရှောင်လွှဲခိုင်းသော်လည်း မျက်နှာသာ ပေးမည်မဟုတ်၊ အချိန်တန်လျှင် သေမင်း၏ ခေါ်ခြင်းကို ခံရမည်ဖြစ်၏။ ထို့ကြောင့် မဃဒေ၀လင်္ကာဆရာတော်က “ဘုတ်ဓာတ်အလို၊ ပေါင်းသင်္ဂြီုဟ်၍၊ ကိုယ်ဟုပွားပြီး၊ ဖြစ်တပြီးကား၊ ပျက်စီးဖို့ရာ၊ အမြဲသာတည့်၊ ဇရာမရဏ၊ ဒုက္ခ၀ဋ်တွင်း၊ အိုရခြင်းနှင့်၊ သေမင်းလွတ်အောင်၊ ဘယ်သို့ရှောင်အံ့၊ တောင်ခုနစ်ခွေ၊ ရေခုနစ်ထပ်၊ လေးရပ်ကျွန်းခွင်၊ ကောင်းကင်သမုဒ္ဒရာ၊ စကြာဝဠာမြေထဲ၊ ပုန်းခိုလွှဲလည်း၊ အမြဲမချွတ်၊ သေဘေးဝဋ်မှ၊ မလွတ်တို့သာ၊ မလွဲရာတည်း“ဟူ၍ သေခြင်းတရား မိမိအပေါ်သို့ ကျရောက်လာလျှင် မရှောင်လွှဲနိုင်ကြောင်း ရေးစပ်ဆုံးခဲ့၏။
ထိုသို့ သေခြင်းတရားကို ရှောင်လွှဲ၍ မရလျှင် သတ္တ၀ါတို့သည် သေခြင်းတို့ကို မည်သို့မည်ပုံ ရင်ဆိုင်မည်နည်းဆိုလျှင် မရဏနုဿတိ-သေခြင်းတရားကို အမြဲတမ်းအဖန်တလဲလဲ အောက်မေ့ဆင်ခြင်ခြင်းဖြင့် ရဆိုင်ရမည်ဖြစ်၏။
မြတ်ဗုဒ္ဓက “မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ= သေခြင်းတရားသည် မြဲ၏၊ ငါအသက်ကား မမြဲပါတကား“ဟု ဆင်ခြင်နှလုံးသွင်းရမည်ဟု ဟောကြားခဲ့၏။ သတ္တ၀ါတိုင်းသည် အရွယ်သုံးပါးလုံး၌ အဘယ်အရွယ်ဖြစ်စေ သေခြင်းတရားနှင့် ရင်ဆိုင်ရမည်ဖြစ်၏။ မိမိတို့ မည်သည့်အရွယ်၊ မည်သည့်အချိန်တွင် သေခြင်းတရားနှင့် ရင်ဆိုင်ရမည်ဟု မသိနိုင်ချေ။ သတ္တ၀ါတိုင်းသည် မိမိသေမည့်ရက်၊ မိမိသေမည့်နေရာ၊ မိမိသေမည့်အချိန်များကို ကြိုတင်မမြင်နိုင်ချေ။
မိမိက ကျန်းမာသည် မသေနိုင်သေးဟူ၍လည်းကောင်း၊ မိမိက ငယ်ရွယ်နုပျိုသေးသည် မသေနိုင်သေးဟူ၍လည်းကောင်း၊ မိမိက အသက်ရှင်နေသည် မသေနိုင်သေးဟူ၍လည်းကောင်း၊ မိမိမှာ ပစ္စည်းဥစ္စာ ပြည့်စုံနေသေးသည် မသေနိုင်သေး၊ မပျက်စီးနိုင်သေးဟူ၍လည်းကောင်း မမှတ်ရ၊ ထို့ကြောင့် မြတ်ဗုဒ္ဓက အောက်ပါ ဂါထာလေးဖြင့် ဆင်ခြင်အောက်မေ့နိုင်ရန် ဟောကြားခဲ့၏။
၁။ သဗ္ဗအာရောဂျံ ဗျာဓိပရိယောသာနံ= ကျန်းမာခြင်းသည် နာ,ဖျားခြင်းအဆုံးရှိခြင်း။
၂။ သဗ္ဗယောဗ္ဗနံ ဇရာပရိယောသာနံ= ငယ်,ရွယ်နုပျိုခြင်းသည် အိုမင်းရင့်ရော်ခြင်း အဆုံးရှိခြင်း။
၃။ သဗ္ဗဇိဝိတံ မရဏပရိယောသာနံ=+ အသက်ရှင်ခြင်းဟူသမျှသည် သေခြင်းအဆုံးရှိခြင်း။
၎။ သဗ္ဗသမ္ပတ္တိ ၀ိပ္ပတ္တိပရိယောသာနံ= ပြည့်စုံခြင်းမှန်သမျှသည် ပျက်စီးခြင်းအဆုံးရှိခြင်းတို့ဖြစ်၏ဟူဖြစ်၏။
ထိုကဲ့သို့ ဂါထာ၏အနှစ်သာရအတိုင်း ဆင်ခြင်အောက်မေ့ထားရန်လို့၏။ လောကမှာ လူဟူ၍ဖြစ်လာရင် ကြိုတင်သိထားသင့်သောအရာများရှိ၏်။ ထိုသိထားသင့်သော အရာကို ကြိုတင်သိထားလျှင် မည်သို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ကြုံတွေ့ မစိုးရိမ်ရတော့ပေ၊ သိပ်စိတ်မဆင်းရဲရတော့ပေ။ အယုတ်ဆုံးအားဖြင့် သေခြင်းတရားနှင့် ရင်ဆိုင်ဖြေရှင်းရသော်လည်း မတုန်လှုပ်တော့ပေ၊ ခံနိုင်ရည်ရှိမည်ဖြစ်၏။ ထို့ကြောင့် ထိုတရားသဘောအတိုင်း ဆင်ခြင်အောက်မေ့ နှလုံးသွင်းတတ်ရန်လိုအပ်၏်။
အချုပ်အားဖြင့် လောကရှိ သတ္တ၀ါတိုင်းသည် သေခြင်းတရားနှင့် အမှန်မုချ ရင်ဆိုင်ကြရမည်။ မည်သည့်အရွယ်၊ မည်သည့်အချိန်၍ ရင်ဆိုင်ကြရမည်ကို ဘုရား၊ ရဟန္တာမှအပ မည်သူမျှမသိနိုင်ချေ။ ထို့ကြောင့် သေခြင်းတရားနှင့် မဆိုင်ရသေးခင် အခွင့်အရေးကြုံလျှင် ကြုံသကဲ့သို့ မိမိတို့က ဒါန၊ သီလ၊ ဘာဝနာဟုခေါ်တဲ့ တရားများကို ကြိုးစားအားထုတ်ရန် လိုအပ်၏။ မိမိတို့နောက်သို့ အရိပ်ကဲ့သို့ အမြဲလိုက်နေသော အရာသည်ကား မိမိတို့ ပြုခဲ့သော ကောင်းကံ၊ မကောင်းကံသည်သာ ဖြစ်၏။ နောင်တတဖန် ပူပန်မှု မရှိကြရလေအောင် ပြုသင့်ပြုထိုက် ကောင်းကံများကို ပြုလုပ်နိုင်ကြပါစေ။


သားရွှေ

ဝါဆိုပွဲတော် (၂၅.၀၇.၂၀၁၀)

သင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်

လာရောက်အားပေးကြသော သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေံ

ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် ရဟန်းခံပွဲတော်

ဆီမီးထွန်းပွဲ အမှတ်တရ ဓာတ်ပုံများ