သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်(၁)

9/25/09

ကြည်နူးစရာမြင်ကွင်း

ဗုဒ္ဓစွယ်တော်တိုက်
ယုံကြည်မှုဟူသည် လူမျိုးတိုင်း၊ ဘာသာတိုင်းတွင် ရှိ၏။ ယုံကြည်မှုကွဲပြားခြင်းသာဖြစ်သည်။ ဗုဒ္ဓဘာသာ၌ ရတနာသုံးပါး၊ ကံ၊ ကံ၏အကျိုးကို ယုံကြည်သကဲ့သို့ အခြားဘာသာများတွင်လည်း သူ့ယုံကြည်မှုနှင့်သူ ရှိမည်မှာ အမှန်ပင်ဖြစ်၏။ ယုံကြည်မှုဟူသောစကားသည် “သဒ္ဓါ”ဟူသော ပါဠိစကားဖြစ်၏။ “သဒ္ဓါ=ရတနာသုံးပါး၊ ကံ၊ ကံ၏အကျိုးကို သက်ဝင်ယုံကြည်ခြင်း”ဟူ၍ဖြစ်၏။ ဤနေရာ၍ သီဟိုဠ်နိုင်ငံသားများ၏ ဗုဒ္ဓဘာသာအပေါ် ယုံကြည်လေးစားပုံ၊ ကြည်ညိုသဒ္ဓါပွားပုံနှင့်ပတ်သက်၍ ကြည်နူးစရာ မြင်ကွင်းတစ်ခုကို တင်ပြချင်ပါသည်။
သီဟိုဠ်နိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များ အဓိက အလေးအမြတ်ထားရာ၊ တန်ဖိုးထားရာ နေရာဌာန နှစ်ခုရှိ၏။ ထိုနေရာများကို အသက်ထက်မက တန်ဖိုးထားကြ၏၊ အလေးအမြတ်ထားကြ၏။ ထိုနေရာများသည်ကား-
၁။ သိရီမဟာဗောဓိပင်နှင့်
၂။ ဗုဒ္ဓစွယ်တော်မြတ်တို့ဖြစ်၏။
သိရီမဟာဗောဓိပင်သည် သီဟိုဠ်နိုင်ငံ၊ အနုရာဓပူရမြို့ပေါ်တွင် တည်ရှိပြီး၊ ဗုဒ္ဓစွယ်တော်မြတ်သည်ကား ကန္ဒီမြို့ပေါ်တွင် တည်ရှိပါသည်။ ဤနေရာ၌ ဗုဒ္ဓစွယ်တော်မြတ်ကို သီဟိုဠ်နိုင်သားများ အလေးထားပုံ၊ ကြည်ညိုလေးစားပုံနှင့် အားထားကိုးကွယ်ပုံများကို ဖော်ပြချင်ပါသည်။
ဗုဒ္ဓစွယ်တော်မြတ်ကို လာရောက်ဖူးမျှော်ကြည်ညိုကြသော သူတို့သည်ကား နေ့စဉ်နေ့တိုင်းအများအပြားပင်ဖြစ်၏။ နိုင်ငံသားများသာမက နိုင်ငံခြားများလည်း လာရောက်လည်ပတ် ဖူးမျှော်ကြ၏။ ထိုစွယ်တော်မြတ်ကို နေ့စဉ်နေ့တိုင်း မနက်ဆွမ်းကပ်ချိန်၊ နေ့လည်ဆွမ်းကပ်ချိန်နှင့် ညနေဗုဒ္ဓပူဇာအချိန်တို့၌ ဖူးမျှော်ခွင့်ရကြ၏။ စွယ်တော်မြတ်ကို ဖူးမျှော်ရန်သွားသောပုဂ္ဂိုလ်များသည် ထိုအချိန်များကို သိထားရန် လိုအပ်၏။ ထိုသို့ တစ်နေ့ သုံကြိမ်သာ ဖူးမျှော်ခွင့်ရခြင်းသည် ဗုဒ္ဓစွယ်တော်မြတ်ကို မြင်ခွင့်ရသည်မဟုတ်ပေ၊ ဗုဒ္ဓစွယ်တော်မြတ် ကိန်းဝပ်စံပါယ်သော ဂျုတ်ကိုသာ ဖူးမျှော်ခွင့်ရကြ၏။ သို့သော်လည်း နေ့စဉ်နေ့တိုင်းပင် ဖူးမျှော်ကြည်ညိုရန်ရောက်လာကြသော ပရိသတ်များသည်ကား စည်ကားသိုက်မြိုက်လျက်ရှိ၏။ နေ့စဉ်နေ့တိုင်းပင် ပူဇော်သံများ၊ ရွတ်ဖတ်သရဇ္ဈာယ်သံများနှင့် ကြည်နူးစရာမြင်ကွင်းကလေးပင်ဖြစ်၏။ ဗုဒ္ဓစွယ်တော်မြတ်ကို ဖူးမျှော်ရန် တစ်ခါတစ်လေ ရောက်ရှိလာသော နိုင်ငံခြားသားများအဖို့ ထိုပရိသတ်များကိုကြည့်ကာ ကြည်နူး၍ပင်မဆုံးနိုင်ပေ။ ကြည်နူးစရာ၊ မမေ့နိုင်စရာ ပန်းချီးကား တစ်ချပ်ကဲ့သို့ပင်ဖြစ်၏။ သီဟိုဠ်နိုင်ငံသားများ၏ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်ပုံ၊ ကြည်ညိုလေးစားပုံနှင့် အထွဋ်အမြတ်ထားပုံတို့မှာ အတုယူစရာပင်ဖြစ်၏။ ဘုရားဖူးများရောက်လာသောအခါ ကြာပန်းကလေးကို လက်မှာကိုင်ကာ ၀တ်ဖြူစင်ကြယ်ဝတ်လျက် ရိုရိုသေသေ လာရောက်ဖူးမျှော်ကြ၏။ ရုတ်တရက် မြင်လိုက်ရသူ အဖို့မှာကား ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းပင်ဖြစ်လေ၏။ ဤသည်ကား နေ့စဉ်နေ့တိုင်း ရှိနေသော အဖြစ်အပျက် တစ်ခုဖြစ်၏။
တစ်နေ့သ၌ စာရေးသူသည် ကန္ဒီမြို့သို့ရောက်ရှိ၍ ဗုဒ္ဓစွယ်တော်မြတ်ကို ဖူးမျှော်ရန် သွားရောက်ခဲ့၏။ စွယ်တော်တည်ရှိရာနေရာသို့ မရောက်ခင် ၂-ကီလိုမီတာ အကွာအဝေးမှစ၍ လူအများ စီးတန်းရွေ့လျှားနေကြ၏။ အဝေးမှမြင်လိုက်ရသော စာရေးသူအဖို့ ပန်းများကို ကြိုးနှင့်သီကုံးထားသလားဟူ၍ပင် အောက်မေ့ရ၏။ အ၀တ်ဖြူစင်ကြယ်နှင့်လူများ ၂-ကီလိုမီတာ အကွာအဝေးမှ စွယ်တော်ဘက်ဆီသို့ တရွေ့ရွေ့ ရွေ့ရှားနေကြ၏။ အနည်းငယ် အနည်းငယ်သာ ရွေ့ရှား၏။ စာရေးသူလည်း စိတ်ဝင်စားသည်ဖြစ်၍ မေးကြည့်သောအခါ “ဗုဒ္ဓစွယ်တော်မြတ်ဖွင့်ပွဲ”ဟု သိလိုက်ရ၏။ “စွယ်တော်မြတ်ဖွင့်ပွဲ” ကြားသိလိုက်ရသောအခါ စာရေးသူသည်ပင် ပီတိ၊ သောမနဿဖြာဝေကာ “၀မ်းသာပီတိ ဂွမ်းဆီထိ”ဆိုသကဲ့သို့ အလွန်စိတ်ကြည်နူးသွား၏။ ပရိသတ်များကို ကြည့်၍ စိတ်ကြည်နူးရသည်က တစ်မျိုး၊ စွယ်တော်မြတ်ဖွင့်ပွဲဟု ကြားသိလိုက်ရသည်က တစ်ဖုံနှင့် “ကန္ဒီမြို့သို့လာရခြင်း နပ်လေစွ”ဟုပင် ပါးစပ်မှ မအော်မိရုံတမယ် အားရ၀မ်းသာဖြစ်မိ၏။ စာရေးသူကြားဖူးသည်မှာ ဗုဒ္ဓစွယ်တော်မြတ်ကို ငါးနှင့်တစ်ကြိမ် သို့မဟုတ် မိုးခေါင်ရေရှားလျှင် စွယ်တော်မြတ်ကို ဖွင့်သည်ဟုကြားဖူး၏။
ဗုဒ္ဓစွယ်တော်မြတ်ကို ဖူးမျှော်ရန်ရောက်ရှိလာသော ပရိသတ်တို့သည် အလှူကြီးပေးလှူ၍ စည်းကားသိုက်မြိုက်သည့်အလား စည်းကား၍ပင် နေလေ၏။ “ပြောမယုံ ကြုံဖူးမှသိ”ဆိုသကဲ့သို့ စကားလုံးဖြင့် တင်စားသော်လည်း ပြည့်စုံမည်မထင်ပေ၊ ကိုယ်တိုင်ကြုံဖူးမှ စာရေးသူလည်း တကယ်အားရကျေနပ်မိသည်။ ထိုကဲ့သို့ ပရိသတ်များ ကြာရှည်စွာတန်းစီ ရပ်တန့်၍ ရွေ့လျှားနေရသော်လည်း သူတို့သည် မညီညူပေ၊ ကြည်နူးမှု မျက်နှာရိပ်ကလေးများနှင့်သာ ဖြစ်နေကြ၏။ စွယ်တော်တိုက်အနီးသို့ ရောက်လာလေ ပရိသတ်များပို၍ များလာလေ၊ ထူထပ်လာလေဖြစ်၏။ လာရောက်ဖူးမျှော်ကြသော ပရိသတ်များသောကြောင့် စွယ်တော်တိုက် အ၀င်ဂိတ်ကိုပင် လေးဂိတ်ခွဲထားရ၏။ ထိုလေးဂိတ်လုံးပင် ဘုရားဖူးဧည့်သည်များ ပြည့်ကျပ်နေ၏။ ပရိသတ်ထဲမှ လူတစ်ယောက်ကို မေးကြည့်သောအခါ “သူတို့သည် မနက်(၄)နာရီကတည်းက စွယ်တော်မြတ်ဖူးရန် စောင့်နေကြောင်း၊ ပရိသတ်များသောကြောင့် အစောကတည်းက နေရာယူထားရကြောင်းစသည်ဖြင့်”ပြောပြ၏။ ထိုသူသည်ပင် အခုမှ စွယ်တော်တိုက် ၀င်းခြံအပြင်ဘက်သာရှိသေး၏။ ရပ်ဝေးရပ်နီးမှ ရောက်လာကြသော သူတို့သည်ကား ညအိပ်စောင့်၍ တန်းစီစနစ်ဖြင့် ဖူးမျှော်ကြရ၏။ စွယ်တော်တိုက်အနီးပတ်ဝန်းကျင်တွင်ကား ဘုရားဖူးပရိသတ်၊ လူထုပရိသတ်များဖြင့် စည်းကား၍ နေ၏။ ဤမြင်ကွင်းကို ကြည့်၍ စာရေးသူသည်ပင် အလွန်စိတ်ကြည်နူးမိ၏။
စွယ်တော်တိုက်သို့ရောက်သောအခါ အစောင့်အကြပ်အများအပြား ချထား၏။ အန္တရာယ်တစ်စုံတစ်ရာ ကျရောက်မည် စိုးရိမ်၍ထင်၏။ ဗုဒ္ဓစွယ်တော်မြတ်ကို ဖူးမျှော်ရန်အတွက် ရဟန်းသံဃာများနှင့်နိုင်ငံခြားသားများ၊ အထူးဧည့်သည်တော်များက နိုင်ငံသားများထက် ပို၍အခွင့်အရေးရ၏။ နိုင်ငံသားပြည်သူလူထုများသည် စွယ်တော်တိုက် ၀င်းခြံအတွင်းသို့ ရောက်ရန်အတွက် ၂-ဖာလုံအကွာအဝေးမှ တန်းစီစောင့်ဆိုင်း၍ တရွေ့ရွေ့လာကြရ၏။ ရဟန်းသံဃားများနှင့်နိုင်ငံခြားသားများ၊ အထူးဧည့်သည်များသည်ကား တန်းစီစရာမလိုဘဲ ၀င်းခြံအတွင်းသို့ ၀င်ခွင့်ရ၏။ စွယ်တော်တိုက်ဝင်းခြံအတွင်းသို့ ၀င်၍ကြည့်လိုက်သောအခါ လေးဘက်လေးတန်သော ဂိတ်ပေါက်များမှ တန်းစီ၍ ရွေ့ရှားလာနေသော ဘုရားဖူးဧည့်သည်များသည်ကား ပန်းများကို သီကုံးထားသည့်နှယ် ကြည်နူးစရာမြင်ကွင်းပင်ဖြစ်၏။ စာရေးသူတို့သည်ပင် စွယ်တော်တိုက်အထဲသို့ ရောက်သောအခါ တန်းစီကြရ၏။ ပရိသတ်များသည့်အတွက် တဖြေးဖြေး၊ တရွေ့ရွေ့သာ ရွှေ့ကြရ၏။ အချိန်အတန်ကြာ တန်းစီရွေ့ရှားပြီးနောက် ဗုဒ္ဓစွယ်တော်မြတ်ကို ပထမဦးဆုံး ဖူးမျှော်ကြည်ညိုခွင့်ရလိုက်ရ၏။ ဤသည်ကား တစ်သက်တစ်ကိုယ် တစ်ခါမှ မကြုံခဲ့ဖူးသော ဒုလ္လဘတစ်ပါးပင်ဖြစ်၏။ နှုတ်ဖြင့်မပြောပြနိုင်၊ စာဖြင့်မရေးဖွဲ့နိုင်သော ခံစားမှုမျိုးကို ခံစားလိုက်ရ၏။ စာရေးသူသည်ပင် ဤမျှတန်ဖိုးထား၊ ကြည်နူးမှုဖြစ်ခဲ့လျှင် နိုင်ငံသားများဖြစ်သော သီဟိုဠ်သူ၊ သီဟိုဠ်သားများသည်ကား ဆိုဖွယ်ရာမရှိတော့ချေ။ အတိုင်းအထက်အလွန်သာ ရှိမည်သာဖြစ်၏။
အချုပ်အားဖြင့် သီဟိုဠ်နိုင်ငံသားများသည် ဗုဒ္ဓဘာသာကို အတိုင်းအထက်အလွန်သက်ဝင် ယုံကြည်ကြောင်းနှင့်ပတ်သက်၍ အထက်ပါဖော်ပြခဲ့သော မြင်ကွင်းသည် စာရေးသူအဖို့ မမေ့နိုင်သော၊ ကြည်နူးဖွယ်ကောင်းသော ပန်းချီးကားတစ်ချပ်ဟု ဆိုလျှင် မှားမည်မထင်ပေ။ လေးဘက်လေးတန်မှ များပြားလှစွာသော လူထုပရိသတ်ကြီး ယနေ့တိုင်အောင် မျက်စိထဲမှ ပျောက်ပျက်မသွားသေးချေ။ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့အနေဖြင့် အားကျအတုယူနိုင်ရန် ကြည်နူးစရာမြင်ကွင်းဖြစ်သော မျက်မြင်ပန်းချီးကားတစ်ချပ်ကို တင်ပြလိုက်ရပါသည်။



ဗုဒ္ဓစွယ်တော်မြတ်ဖွင့်ခဲ့စဉ်က
ဘုရားဖူးပရိသတ်များ၏ ကြည်နူးစရာမြင်ကွင်း
ဓာတ်ပုံများ











သားရွှေ

ဝါဆိုပွဲတော် (၂၅.၀၇.၂၀၁၀)

သင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်

လာရောက်အားပေးကြသော သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေံ

ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် ရဟန်းခံပွဲတော်

ဆီမီးထွန်းပွဲ အမှတ်တရ ဓာတ်ပုံများ