သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်(၁)

9/21/09

လူကောင်းဖြစ်ရန် တရားမှန်

ဗုဒ္ခဘာသာဟာ တကယ့်ကို လူမှုရေး စီးပွားရေး ကျန်းမာရေး ပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပြည့်စုံနေတဲ့ဘာသာတခုပါ။ လူ့ဘ၀မှာနေရင် ဘာတွေလိုအပ်လို့ ဘာကိုဆောင်ပြီး ဘာကို
ရှောင်ရမယ်လို့ ဟောခဲ့သလို အနေအထိုင်အပြောအဆိုနဲ့ပတ်သက်လာရင်လဲ ယဉ်းကျေးစွာပြောဆိုဆက်ဆံဖို့ ဆုံးမခဲ့ပြန်တယ်။
လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာနေရင်လဲ လိုအပ်တဲ့အရည်အချင်းနဲ့ပတ်သက်ပြီး
အတိအလင်းဖေါ်ပြခဲ့ပြန်တယ်လေ။ မင်္ဂလာ တရားတော်ထဲက အချို့
သော တရားတော်များကို အတုယူနိုင်အောင် ထုတ်နှုတ်တင်ပြပါရစေ။

ဗာဟုဿစ္စဉ္စ။ ။ လူဆိုတာ ဗဟုသုတရှိဖို့တကယ့်ကိုလိုအပ်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့
ပတ်ဝန်းကျင်မှာ ဗဟုသုတ အကြားအမြင်နည်းသူဖြစ်နေရင် စကားပြောတဲ့အချိန်မှာ “ငတုံး
ပဲ ဒါလေးမှ မသိဘူးလား လူတိုင်းသိနေတဲ့ဟာပဲ“ စသည်ဖြင့်အပြောခံရတတ်ပါတယ်။
ဒါ့အပြင် အရေးကြီးတဲ့အကြောင်းအရာနဲ့ပတ်သက်၍ ကိုယ့်ကို ခေါင်းဆောင်လုပ်ပြီး ဘယ်
တော့မှ တိုင်ပင်မှာမဟုတ်ပါဘူး။အဲဒီနေရာနဲ့ပတ်သက်ပြီးလဲ သူ့အတွက်ရယ်လို့ ဘယ်သူမှ
တကူးတက နေရာပေးမှာမဟုတ်ပါဘူး။ ဗဟုသုတ နည်းလို့ အားမကိုးထိုက်လို့ပါပဲ။ အား
ကိုးထိုက်မှ အားကိုးတတ်တာလူ့သဘာဝပဲမဟုတ်လား။ ဗဟုသုတ နည်းသူကို ခေါင်း
ဆောင်တင်ထားရင် ပုတ်သင်ညိုကို ကလေးတွေမေးသလိုပဲနေမှာပေါ့။ ပုတ်သင်ညို အပျို
လိုရင်ခေါင်းညိတ် ဆိုတာနဲ့ ပုတ်သင်ညိုကတော့ အဆင်သင့်ပါပဲ။ ဒါကြောင့် လူ့ပတ်ဝန်း
ကျင်မှာ နေပြီး လူ့ခေါင်းဆောင်ဖြစ်ချင်ရင် ဗဟုသုတ များဖို့လဲလိုအပ်ပါတယ်။

သိပဉ္စ။ ။ တကယ်တော့ ဗဟုသုတ တစ်ခုထဲရှိရုံနဲ့လဲ မလုံလောက်သေးဘူးလေ။ အတတ်
ပညာတစ်ခုခု တတ်ထားဖို့လဲလိုပါသေးတယ်။ ဗဟုသုတဆိုတာ အကြားအမြင်များမယ်
ဖတ်ရှုလေ့လာမှုများမယ်ဆိုရင် ရနိုင်ပေမယ့် လူရိုသေ ရှင်ရိုသေ ဖြစ်အောင် အတတ်ပညာ
ကိုဆည်းပူးထားဖို့လဲလိုပြန်တယ်။ လောကမှာ ဆိုရင်လဲ ဘွဲ့လေး တစ်ခုလောက်ပေါ့။
ဘာအလုပ်ပဲလုပ်လုပ် ဘယ်မှာပဲအလုပ်လျှောက်လျှောက် မေးတတ်တာကတော့ ဘွဲ့ ရပြီး
သာလား ဘာဘွဲ့ရထားတာလဲလို့ မေးတတ်တာဟာ အလုပ်ရှင်တွေရဲ့ ၀သီတစ်ခုလိုဖြစ်
နေပါပြီ။ တကယ်လဲ ဘွဲ့ နဲ့ ညီတဲ့အတတ်ပညာဆိုတာ လိုအပ်ပါတယ်။ အလုပ်ရှင်က ကိုယ့်
ရဲ့ ပညာကိုယုံပြီး သူ့အလုပ်ကို ကိုယ့်ကိုလွှဲအပ်မှာလေ။ ဘာမှ မတတ်သူကိုတော့ အဲသလို
အခွင့်အရေးဘယ်ပေးလိမ့်မလဲ။ ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်သွားမှာပေါ့။ အခုခေတ်
ဆိုပိုဆိုးသေး ဘာဒီဂရီရပြီးပြီလဲ ဘယ်ကရလာတာလဲ တကယ်ကောတတ်ရဲ့လား ဆိုပြီး
မေးလိုက်တာ လွန်ရော….။ တကယ်တော့မေးသူအလွန်မဟုတ်ပါဘူးလေ။ ကိုယ်သာ
အလုပ်ရှင်ဆိုရင်ရော ပညာမတတ်သူတစ်ယောက်ကို ကိုယ့်ရဲ့ အလုပ်တစ်ခုကို ယုံယုံကြည်
ကြည်နဲ့ လွှဲအပ်ပါ့မလားလို့။ ဒါကြောင့် လစာကောင်းပြီး နေရာကောင်းလေး လိုချင်တယ်
ဆိုရင်တော့ သူများအားကိုးလောက်တဲ့ ပညာလေး တစ်ခုလောက်တတ်ထားဖို့လိုပါတယ်။

ဝိနယောစ။ ။ ဗဟုသုတရှိ ပညာတတ်ရုံနဲ့လဲ ကိုယ့်ဘ၀အာမခံချက် မသေချာသေးဘူးတဲ့
ကိုယ်ကျင့်စာရိတ္တပါကောင်းဖို့လိုလာပြန်သတဲ့လေ။ ဟုတ်တာပေါ့။ ပါးစပ်က ဘုရားဘုရား
လက်က ကားရားကားရား လုပ်နေသူကို ဘယ်သူကများ တစ်သက်လုံး ယုံကြည်မှာတဲ့လဲ။
တကယ်လို့ အကျင့်စာရိတ္တ မကောင်းရင် လေလှိုင်းကြားက စကားသံများကို တဆင့်ပြန်
ကြားနေရမှာပါ။ ရှက်တတ်သူ တစ်ယောက် ဘ၀ကိုတန်ဖိုးထားသူတစ်ယောက်အတွက်
လေကြားကလာတဲ့ မကောင်းတဲ့ စကားလုံးရဲ့ ရနံ့ကို မုန်းတီးပါတယ်။လိုလဲမလိုလားဘူး
လေ။ ပြီးတော့ အဲဒီ ကိုယ်ကျင့်တရားက ကိုယ့်အတွက်သာမဟုတ်ဘူး ကိုယ့်ရဲ့ ပတ်ဝန်း
ကျင် ကိုယ့်ဆွေမျိုး ကိုယ့်ရဲ့ မျိုးဆက်စသည်ဖြင့် တဆင့်ပြီးတဆင့်ကူးစက်သွားမှာပါ။
ကောင်းရင် ချီးမွမ်းခံရမယ် မကောင်းရင် ကဲ့ရဲ့ခံရမယ်ပေါ့။ ဘုရားစတဲ့သူတော်ကောင်း
များကတော့ ရှင်းပါတယ်။ မကောင်းသူတွေ ထောင်ပေါင်းများစွာ ကဲ့ရဲ့နေပါစေ ဂရုမ
စိုက်ဘူးတဲ့လေ။အဲ သူတော်ကောင်းတစ်ယောက်သာ ကဲ့ရဲ့လာမယ်ဆိုရင်တော့ လုံးဝ
ခံနိုင်ရည်စွမ်းမရှိဘူးတဲ့။ ဒါကြောင့်လဲပဲ မကောင်းတာတွေ လုံးဝမရှိတော့အောင်လုပ်ခဲ့
ကြိုးစားခဲ့တာပေါ့။ ဒါဆို ကိုယ်ကျင့်တရားကောင်းဖို့လဲ လိုအပ်နေပြန်တာပေါ့။

သုသိက္ခိတော။ ။ ကိုယ်ကျင့်တရားကောင်းတယ် ဆိုတဲ့နေရာမှ လူအပြောလွတ်အောင်
ကောင်းရုံနဲ့ မရဘူးတဲ့ တကယ်လဲ ကောင်းအောင် ကျင့်ကြံနေထိုင်ရမယ်တဲ့လေ။ ဆရာ
ရှိလို့ ဆရာရှေ့မှာ ကောင်းအောင်နေသူကို လူကောင်းလို့ပြောရခက်ပါတယ်။ဆရာ မရှိတဲ့
အချိန် ဆုံးမသူမရှိတဲ့ အချိန်မှာ ကောင်းမွန်အောင်နေထိုင်သူကိုသာ လူကောင်းလို့ပြော
လို့ရပါတယ်။ ပိုပြီးလဲ စိတ်ချရတာပေါ့။ မိဘရှေ့မှာတော့ ရိုသေကျိုးနွံပြီး မိဘမရှိတော့
တဲ့ အချိန်မှာ ရိုင်းစိုင်းနေတဲ့ကလေးကို သားအလိမ္မာ သမီးအလိမ္မာရယ်လို့ ဘယ်သူမှ လေ
ကုန်ခံပြီး ပြောနေမှာမဟုတ်ပါဘူး။ “သမီးချောမချော အရပ်ကပြော“ ဆိုတဲ့အတိုင်း တကယ်
ကိုယ်ကျင့်တရား ကောင်းမကောင်းဆိုတာ ကိုယ့်စောင့်နတ်နဲ့ သမ္မာဒေ၀ နတ်ကောင်းတွေ
ပဲ သိပါလိမ့်မယ်။ အဲ ကောင်းအောင်နေထိုင်သူကတော့ သူပဲပိုသိပါလိမ့်မယ်။

သုဘာသိတာစ ယာဝါစာ။ ။ စကားပြောတဲ့ နေရာမှာလဲ ယဉ်းကျေးချိုသာပြီး မှန်ကန်နေရ
မယ်တဲ့။ ငါက ကောင်းအောင်နေတာပဲ ငါဘယ်လိုပဲပြောပြော အဆင်ပြေမယ်ထင်ပြီး ခပ်
ရမ်းရမ်းပြောတဲ့စကားတွေ ငါက သူတို့ထက်ပိုပြီးသိတာပဲ ငါပြောတာကိုသူတို့လက်ခံရမှာ
ပေါ့ ငါက သူတို့ထက် ပညာတတ်တယ် ငါပြောတာကို လိုက်နာရမှာပေါ့ စတဲ့စတဲ့ စကားတွေဟာ မှန်နေပေမယ့် လူအများက နားကြားကပ်တတ်ကြပါတယ်။ လူဆိုတာ စပါးပင်ကို အတုယူရတယ်တဲ့ စပါးပင်ဟာ နု စဉ်အခါတုန်းကတော့ လေနဲနဲတိုက်တာနဲ့များ
များရမ်းနေတတ်ပါတယ်။ အဲ မှည့်လို့ အရည်တွေပြည့် ရိတ်ခါနီးကျပြီဆိုရင် အရင်က ရမ်း
ခဲ့တာ သူမှဟုတ်ပါလေစ လို့ အထင်လွဲရလေအောင် နေတတ်ပြန်ပါတယ်။ ဗဟုသုတလဲရှိ
ပညာကလဲတတ် အကျင့်ကလဲကောင်း ပြီးရင် တကယ်လဲကောင်းအောင်နေရုံမက စကား
ကိုပါချိုသာစွာ ပြောတတ်နေမယ်ဆိုရင် လူ့ဘ၀ လူ့လောက လူ့ပတ်ဝန်းကျင်မှာ နေထိုင်
လို့ ရပြီ လို့ ဘုရားရှင်က မင်္ဂလ သုတ်မှာ ဟောတော်မူထားပါတယ်။ ဘုရားရှင်ဟာ သံသ
ရာမှ အမြန်ကျွတ်တမ်းဝင်ရအောင် နိဗာန်ရောက်ကြောင်းတရားကိုပဲ ဟောထားတာမဟုတ်
ပါဘူး။ လူတွေနဲ့ ကူးလူးဆက်ဆံပြောဆိုနေထိုင်တဲ့ နေရာမှာ အထက်တန်းကျကျပြော
တတ်ပြီး အဆင့်ရှိရှိနေနိုင်အောင်လဲ သင်ပြဟောပြခဲ့ပါတယ်။ အဲဒီ တရားတော်အတိုင်း
သာ လူသားအားလုံးပြည့်စုံနေမယ်ဆိုရင်……….သို့မဟုတ် ပြည့်စုံသင့်သလောက်ပြည့်
စုံနေမယ်ဆိုရင် အထင်သေးတဲ့အကြည့် မကြည်တဲ့လေသံ သဘောမကျတဲ့ စကားဆို
တာ မိုးကုတ်ကျောက်တွင်းထဲ ခက်ခဲစွာကျောက်ရှာရသလို စကားလုံး
တွေကိုလဲ လောကကြီးမှာ ခက်ခဲစွာရှာနေရလိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။
စာရေးသူအပါအ၀င် စာဖတ်သူအားလုံးဟာလဲ ဒီလိုပဲဖြစ်ချင်ကြမှာပါ။ ဒီလိုပဲ ဖြစ်စေချင်
မှာပါ။ တကယ်လို့အားလုံးသာ စဉ်းလုံးချောဖြစ်နေမယ်ဆိုရင်……………………………..
သေချာတာကတော့ ဘုရားဟော စာပေတွေဟာ တကယ့်ကို အနှစ်သာရနဲ့ပြည့်စုံနေ
တယ်ဆိုတာ အားလုံးသဘောကျလက်ခံနိုင်မယ်ထင်ပါတယ်။
လူကောင်းတစ်ယောက် သို့မဟုတ် လူ့လောကမှာ အသုံးကျသူတစ်ယောက်ဖြစ်
ဖို့ဘာတွေလိုအပ်တယ်ဆိုတာကို ဘုရားရှင်က ပြည့်ပြည့်စုံစုံဟောပေးခဲ့ပြီးပါပြီ။
ဒါဆို စာဖတ်သူ ဟာလဲ ငါ့မှာ ဘာတွေလိုအပ်နေသေးတယ်ဆိုတာကို သိပြီးတဲ့
အချိန်ကစပြီး ဖြည့်ဆည်းသွားသင့်ပြီပေါ့။ ဖြည့်ဆည်းနိုင်သူများဖြစ်ပါစေလို့လဲ ရင်
တွင်းဆန္ဒ နဲ့အတူ……………………………………………………………………………


ညဏ၀ရ

ဝါဆိုပွဲတော် (၂၅.၀၇.၂၀၁၀)

သင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်

လာရောက်အားပေးကြသော သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေံ

ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် ရဟန်းခံပွဲတော်

ဆီမီးထွန်းပွဲ အမှတ်တရ ဓာတ်ပုံများ