သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်(၁)

6/20/10

မတူ-ထူးသည့်ခရီးစဉ် (၁)



စိတ်ကူးရှိသော်လည်း ခရီးက မသွားဖြစ်၊ စိတ်ကူးများ အကောင်အထည်ဖော်တိုင်း မဖြစ်တာကပိုများသည်။ ဒီတစ်ခါတော့ စိတ်ကူးရှိသည့်အတိုင်း ကိစ္စကလေးရှိတာက တစ်ကြောင်း၊ သီဟိုဠ်မြေကို သွားချင်နေသည်က တစ်ကြောင်းကြောင့် ဆုံးဖြတ်ချက်ချပြီး ဧပြီလ ၂၈- ရက်နေ့ မိမိနေထိုင်သည့် ပန်တိုင်းရမစ်ရွာမှ ကေအယ်မြို့ပေါ်သို့ စထွက်ခဲ့သည်။
ကေအယ်သွားသည့် လမ်းတလျှောက်လုံး အတွေးပုံရိပ် စိတ်ကူးထဲတွင် တစ်ချိန်က နေခဲ့ဖူးသည့် သီဟိုဠ်နိုင်ငံ၏ ပုံရိပ်နှင့် မိမိ၏ကျေးဇူးရှင်သီဟိုဠ်ကျောင်းနှင့်ရွာကလေး၏ ပုံစံတို့ကို ပုံဖော်ရင်း ပျော်နေခဲ့သည်။ ဆွမ်းကွမ်းလိုလေသေးမရှိ ပြုစုခဲ့သော သီဟိုဠ်ရွာကလေး၏ တကာတကာမများကို မည်ကဲ့သို့သော လက်ဆောင်များ လှူဒါန်းရမည်ဆိုသည့် အတွေးကလေး တစ်ချက်ဝင်ရောက်လာသည်။ ထိုစိတ်ကူးဖြစ်သည့်အတွက် မြန်မာပုဆိုးများ လက်ဆောင်အဖြစ်လှူဒါန်းလျှင် ကောင်းမည်ဟု ဆုံးဖြတ်ပြီး ကေအယ်ရောက်တော့ ကားသမားကို မြန်မာပုဆိုးများ ၀ယ်ခိုင်းလိုက်သည်။
သွားမည့်ခရီးက သီဟိုဠ်နိုင်ငံပါ၊ လေယဉ်က ဧပြီလ ၂၉- ရက် မနက် ၆း၁၅မီနစ် မလေးရှားနိုင်ငံ၊ ကေအယ်မှ ကိုလံဘိုသို့ ပျံသန်းမည်ဖြစ်သည်။
ကေအယ်ရောက်သောအခါ သူငယ်ချင်းနှစ်ပါး၊ ကားသမား၊ နောက်တကာတစ်ယောက်နှင့် သူငယ်ချင်းအိမ်တစ်အိမ်မှာ တည်းခိုကြသည်။ မနက် လေးနာရီး လေဆိပ်သွားမည့် စိတ်ကူးနှင့် အကုန်လုံး နာရီနှိုးစက်ကလေးချကာ အိပ်လိုက်ကြသည်။ ၀ီရိယက ခပ်ကောင်းကောင်းနှင့် မနက် ၃-နာရီခွဲတွင် အိပ်ရာမှ နိုးလာသည်။ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး သူငယ်ချင်းများနှင့် ကားသမားတို့ကို လိုက်နှိုးကာ မနက်လေးနာရီတွင် လိုက်ပို့သူ သူငယ်ချင်းများနှင့် လေယဉ်ကွင်းသို့ စတင်ထွက်ခွါသွားခဲ့ကြလေသည်။
မိမိ၏စိတ်ကူးထဲတွင် ဒီနေ့ သီဟိုဠ်သို့ ရောက်မည်၊ သူငယ်ချင်းများနှင့်တွေ့ရမည်၊ မိမိနေခဲ့သည် မိမိတို့၏ ကျေးဇူးရှင်ကျောင်းသို့သွားမည်စသဖြင့် ကားစီးရင်းတွေးနေခဲ့သည်။ အမှန်ပြောရလျှင် စိတ်ကူးနှင့်ပျော်နေသည်။ လေဆိပ်သွားသည့် လမ်းကြောင်းတစ်လျှောက် စကားအနည်းငယ်ပြောလိုက်၊ စိတ်ကူးကလေးတစ်ချက်တစ်ချက်ဝင်လိုက်နှင့် ပျော်စရာဖြစ်နေသည်။ သီဟိုဠ်ရှိ သူငယ်ချင်းများကိုလည်း လာကြိုရန် ကြိုတင်ပြောထားတော့ သူတို့သည်လည်း မိမိရောက်မည့်အချိန် လာကြိုနေမည်မှာ သေချာနေပေသည်။
လေဆိပ်ရောက်သောအခါ ထုံစံအတိုင်း check in ၀င်၊ ပစ္စည်းအပ်ကြသည်။ ပစ္စည်းအပ်သောအခါ ပစ္စည်းက ပေါင်ပိုနေသည့်အတွက်ကြောင် ရင်းဂစ် ၃၀-ပေးလိုက်ရသေးသည်။ လုပ်စရာကိစ္စပြီး၍ ပေးလိုက်သော စာရွက်ကလေးကို ကြည့်လိုက်သောအခါ bording pass က ၅း၃၅-သွားရမည်ဖြစ်သည်။ နာရီကြည့်လိုက်သောအခါ ၄း၄၀-ရှိသေးသောကြောင့် အချိန်ရသေးသည်ဆိုသည့်အသိနှင့် လိုက်ပို့သည့် သူငယ်ချင်း၊ ကားသမားတို့နှင့်အတူ ကော်ဖီဝင်သောက်လိုက်သည်။ ကော်ဖီကလေးသောက်လိုက်၊ စကားကလေးပြောလိုက်နှင့် ခဏမျှ အချိန်ယူနေကြသည်။ ကောက်ဖီသောက်နေစဉ် သူငယ်ချင်းက ``မင်းအချိန်ကြ နေပြီ သွားလို့ရပြီ´´ဟု လှမ်းသတိပေး ပြောသေးသည်။ သို့သော်လည်း မိမိ၏ခေါင်းထဲတွင် အချိန်ရသေးသည် ဆိုသည့်အသိက ပိုလွှမ်းနေ၍ ``ရပါတယ်ကွ ကုန်အောင်သောက်လိုပ်ပါဦး´´ဟု ပြန်ပြောလိုက်သည်။ ကော်ဖီသောက်၊ စကားပြောပြီးသောအခါ အချိန်ကို မကြည့်ဖြင့် သူငယ်ချင်းများကို နှုတ်ဆက်ပြီး လွယ်အိပ်ကလေးလွယ်ကာ immigration ၀င်ရန် အပေါ်ထပ်သို့တက်ပြီး immigration ရုံးများ၏ အပေါက်တစ်ပေါက်တွင် တန်းစီရပ်လိုက်သည်။ မိမိအလှည့်ရောက်သောအခါ အထွက်တုံးထု၊ ပစ္စည်းစစ်ဆေးပြီး လေယဉ်နောက်ဆုံးထွက်မည့်နေရာ bording pass သို့ သွားလိုက်တော့သည်။ နောက်ဆုံးစောင့်သည့် ဧရိယာသို့ရောက်သောအခါ သီဟိုဠ်သားနဲ့တူသည့် လူများမတွေ့ရတော့ချေ။ ထို့ကြောင့် မိမိစီးရမည့် လေယာဉ်ဂိတ်ဖြစ်သည့် နေရာသို့ ရောက်သောအခါ စကားပြောစက်ကိုင်ပြီး ကောင်မလေးတစ်ယောက်ရှိနေသည်။ သူမကို မေးကြည့်မှ bording pass ပိတ်သွားပြီဖြစ်ကြောင်း၊ လေယာဉ်နောက်ကျသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ မိမိဖုန်းထဲမှ နာရီကို ကြည့်လိုက်တော့ ၆း၂၀-ရှိနေပြီ။ မိမိက တကယ်နောက်ကျသွားလေပြီ။ လေယာဉ်နောက်ကျသွားပြီဟု သိသည်နှင့် ရင်တွေတဒိန်းဒိန်းခုန်ပြီး မည်သို့မည်ပုံလုပ်ရမည်မှန်းတောင် မသိတော့ပေ၊ ဤကဲ့သို့ အတွေ့အကြုံလည်း မိမိတွင်မရှိ၊ တစ်ခါမှ မကြုံဖူးသော အတွေ့အကြုံပင်ဖြစ်သည်။ ဤကဲ့သို့သော အဖြစ်မျိုး မည်သူတစ်ဦးတစ်ယောက်မျှ ဖြစ်မည်ဟုလည်း မထင်ပေ။ မိမိတစ်ဦးတည်း အတွေးပင်လည်ဝေပြီး စိတ်ကို ပြန်ထိမ်းကာ ထိုမိန်းကလေးကို ``ဒီလိုဆိုရင် လေယာဉ်ဆီသို့ အကြောင်းကြား ဖုန်းဆက်လို့မရတော့ဘူးလား´´ဟု ပြန်မေးသောအခါ သူမက စကားပြောစက်ကိုင်ပြီး ပြောကြည့်သေး၏။ ``ဘယ်လိုလဲ``ဟု မေးသောအခါ ဘိန်းစတင်လိမ့်နေပြီဖြစ်ကြောင်း၊ မရတော့ပြီဖြစ်ကြောင်း ပြန်ပြောပြလေသည်။ ``ဒီလိုဆို ငါဘယ်လိုလုပ်ရမလဲ``ဟု မေးသောအခါ သူမက မိမိလာသည့် လမ်းကြောင်းအတိုင်းပြန်သွားပြီး immigration ရောက်တော့ မေးကြည့်ဟု ပြောလေသည်။ ထို့ကြောင့် မိမိသည်လည်း ခပ်ရှက်ရှက်၊ စိတ်ပျက်ပျက်ကလေးနှင့် ခပ်သွက်သွက်ကလေး ထွက်လာခဲ့လိုက်ရသည်။ immigration ရောက်၍ လေယဉ် miss ဖြစ်သည့်အကြောင်း ၀န်ထမ်းကို ပြောသောအခါ သူက ရုံးခန်းထဲသို့ ခေါ်သွားပြီး အရာရှိနှင့်တွေ့ပေးသည်။ အရာရှိသည်လည်း ယဉ်ယဉ်ကျေးကျေးပင် ထိုင်ပါဟု နေရာပေးပြီး passport ပြပါဟု ပြောကာ အသေးစိတ်လိုက်ကြည့်သည်။ အသေးစိတ်ကြည့်ပြီးသောအခါ passport တွင် လေယာဉ် miss ဖြစ်ကြောင်း ရေးလိုက်၏။ ထိုအခါ မိမိက မည်သို့မည်ပုံလုပ်ရမည်ကို အကြံပေးရန်နှင့် မိမိ၏ ပစ္စည်းကို မည်သည့်နေရာတွင် သွားယူရမည့်အကြောင်း မေးသောအခါ အရာရှိက ``လာသည့်လမ်းအတိုင်းပြန်သွား၊ မင်းရဲ့ပစ္စည်းကို arrival တွင်သွားယူပြီး၊ မနက်ဖန်သွားမည်ဆိုလျှင် လေယဉ်လက်မှတ် ထပ်ဝယ်ရမည်၊ ဒီလက်မှတ်က Airasia ဖြစ်လို့ ဆုံးသွားပြီ´´ စသည်စသည်ဖြင့် အသေးစိတ်ရှင်းပြလိုက်သည်။
ထို့နောက် လိုက်ပို့သည့် သူငယ်ချင်းနှင့် ကားသမားကို ဖုန်းပြန်ဆက်ခေါ်လိုက်သည်။ ထိုအချိန် သူတို့သည်ကား ကေအယ်အပြန် လမ်းတစ်ဝက်ရောက်နေလေပြီ၊ သို့သော်လည်း သူတို့သည် စိတ်သဘောကောင်းစွာဖြင့် လှည့်ပြန်လာကြလေသည်။ မိမိသည်ကား ကိုယ့်ကိုသာလျှင် ဒုက္ခပေးသည်မဟုတ် အများကိုပါ အချိန်ကုန် လူပင်ပန်း ဒုက္ခပေးမိလေသည်။ သူတို့ ပြန်ရောက်သောအချိန် မိမိသည်ကား ပစ္စည်းရွေးပြီး ဟိုဟိုဒီဒီ သတင်းအစအနလိုက်စုံစမ်းနေလေပြီ။ သူတို့ရောက်လာမှ နောက်တစ်နေ့အတွက် လေယာဉ်လက်မှတ်စုံစမ်းပြီး လေယာဉ်လက်မှတ်ကို ၃၀- ရက်နေ့ မနက်သွားရန်အတွက် ထပ်ဖြတ်လိုက်သည်။ လက်မှတ်ဖြတ်ပြီး ကားသမားက သွားမည်ဟု ပြောသောအချိန်တွင် မိမိအတွေးထဲ စိတ်ကူးတစ်ခု ၀င်ရောက်လာသည်။ ထို့ကြောင့် ကားသမားကို ``ငါ ကေအယ်သို့ ပြန်မလိုက်ပြီ၊ အနီးဆုံးဟိုလ်တယ်တစ်ခုတွင် တည်းပြီး မနက်ဖန်လေယဉ်ကို စောင့်မည်၊ မနက်ဖန်လည်း ဒီနေရာကို လာရမည်အတူတူစသည်ဖြင့်´´ပြောပြီး လေဆိပ်ဟိုလ်တယ်တွင် သွားစုံစမ်းသောအခါ ဟိုလ်တယ်ကား အခန်းလွတ်မရှိပြီ၊ ပြည့်နေပြီဟု ပြောလိုက်သည်။ နောက်ပြီး ဟိုလ်တယ်စာရေးမလေးက ဤအနီးအနားတွင် ဟိုလ်တယ်တစ်ခု ရှိသေးကြောင်း သတင်းပါးလိုက်ပါသည်။
ထိုစိတ်ကူးနှင့် ပြန်အထွက်တွင် မြန်မာကောင်လေးတစ်ယောက်နှင့်တွေ့သည် သူကိုမေးကြည့်သောအခါ သူက`` ဒီနေရာနဲ့ ကီလိုမီတာ ၂၀-လောက်တွင် အင်းပရက်စ် ဟိုလ်တယ်တစ်ခုရှိတယ်၊ အဲဒီကဆိုရင် လေဆိပ်ကို လိုင်းကားရှိတယ်စသည်ဖြင့်´´ပြောပြလေသည်။ ထို့ကြောင့် အင်းပရက်စ်ဟိုလ်တယ်သို့ သွားမည်ဟု ဆုံးဖြတ်ချက်ကာ ဟိုလ်တယ်ဆီသို့ စကားတစ်ပြောပြောနှင့် ဦးတည်သွားလိုက်တော့သည်။ ဟိုလ်တယ်သို့ရောက်သောအခါ ၀င်စုံးစမ်းပြီး အခန်းငှားလိုက်တော့သည်။ အခန်းငှားပြီးသည်နှင့် ကားသမားနှင့်တကွ လိုက်ပို့သူအားလုံး နှုတ်ဆက်ပြန်သွားကြလေသည်။ မိမိသည်လည်း ငှားထားသည် ဟိုလ်တယ်အပေါ်သို့တက်ကာ ရေမိုးချိုးပြီး မောမောကလေးနှင့် အိပ်ချပစ်လိုက်တော့သည်။
အိပ်ရာနိုးထ၍ နာရီကြည့်လိုက်တော့ နေ့လယ် ၂-နာရီထိုးနေပြီ၊ ထို့နောက် ဟိုလ်တယ်အောက်သို့ ဆင်းလာပြီး ကောင်တာတွင် ``ငါမနက်ဖန် အဲယားအေရှနဲ့ သီဟိုဠ်သွားမည်၊ လေဆိပ်ကို ဘယ်လိုသွားရမည်´´မေးမြန်းစုံစမ်းသောအခါ သူတို့က ``လေဆိပ်ကို တက္ကစီငှားကား၊ ဟိုလ်တယ်ရှပ်တည်းကားတို့ရှိသည်၊ တက္ကစီးငှားကားသည် ဈေးကြီးသည်၊ ဟိုလ်တယ်ရှပ်တည်းကားသည်ကား ဈေးချိုးသည်´´ဟု ပြောပြလေသည်။ ထို့ကြောင့် ဟိုလ်တယ်ရှပ်တည်းကားကို မှာထားပြီး၊ မနက်ဖန် မနက်လာနိုးပေးရန် မှာထားလိုက်တော့သည်။
မိမိသည်လည်း ဤဟိုလ်တယ်ပတ်ဝန်းကျင်ကို တစ်ခါမှ မရောက်ဖူးသေးတော့ လိုက်လံကြည့်ရှုပြီး ညရောက်သောအခါ စိတ်ချလက်ချ အိပ်လိုက်တော့သည်။ အိပ်မပျော်ခင် လေယာဉ်နောက်ကြသည်နှင့်ပတ်သက်ပြီး အတွေးကလေး တစ်ချက်နှစ်ချက်ဝင်လိုက်သေးသည်။ သို့သော်လည်း မိမိရဲ့ပေါ့ဆမှုကြောင့်သာ ဤကဲ့သို့ဖြစ်ရသည်ဖြစ်၍ ဗဟုသုတတစ်ခုဟုသာ မှတ်ယူပြီး၊ သီဟိုဠ်အကြောင်းကို ထပ်တွေးရင်းပင် အိပ်ပျော်သွားလေသည်။
``ဂရင်း ဂရင်း´´ ဖုန်းအသံကြား၍ အိပ်ရာကနိုးလာသည်။ ဖုန်းကိုင်လိုက်တော့ ကောင်တာမှ ဖုန်းဖြစ်နေသည်။ နာရီကြည့်လိုက်သောအခါ မနက် ၃း၃၀ ရှိနေပြီ။ ကောင်တာက အဆင်သင့်လုပ်ထားရန်နှင့် ၄းနာရီးထိုးလျှင် အောက်သို့ ဆင်းလာရန် ပြောကြားပြီး ဖုန်းချသွားလေသည်။
မိမိလည်း ကိုယ်လက်သန့်စင်၊ ရေမိုးချိုး၊ လုပ်စရာရှိတာများလုပ်၊ ပစ္စည်းပစ္စယများသိမ်းဆည်းပြီး အောက်သို့ဆင်းလာခဲ့သည်။ အောက်ရောက်သောအခါ ကောင်တာတွင် သော့ပြန်အပ်ပြီး သူတို့က ထမင်းတစ်ထုပ်ပေး၍ ထမင်းစားသောက်သည်။ ထမင်းစားသောက်အပြီးတွင် အချိန်ကိုက် ကားတစ်စီးလာထိုးရပ်သည်။ ထို့နောက် ကောင်တာက ``ကားအပေါ်သို့တက်လို့ရပြီ´´ဟု ပြော၍ ခပ်တည်တည် ကားပေါ်တက်ထိုင်လိုက်သည်။ ကားအပေါ်တွင် မည်သူမျှမရှိပေ၊ မိမိတစ်ဦးတည်းသာရှိသည်။ ထို့နောက် ကားသည်လည်း လေဆိပ်သို့ မောင်းနှင်းထွက်ခွါသွားတော့သည်။ မိမိတစ်ဦးသာ လေဆိပ်သို့ ကားသမား မောင်းနှင်းပို့ခဲ့ရသည်။
လေဆိပ်ရောက်သောအခါ ခဏမဆိုင်းဘဲ တစ်ခါတည်း check in ၀င်လိုက်တော့သည်။ check in ၀င်မှ ကောင်တာက ကီလိုပိုကြောင်း ပြော၏။ ပြန်ကြည့်လိုက်တော့ မနေ့က ဖြတ်ခဲ့သော လေယဉ်လက်မှတ်တွင် ကီလိုမရပေ။ အဘယ်ကြောင့်ဆိုသော် အနီးကပ်ဖြတ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် check in ကောင်တာတွင် ကီလိုပိုခ ရင်းဂစ် ၄၀-ထပ်ပေးခဲ့ရပြန်သည်။ check in ၀င်ပြီးတော့ အရင်တစ်နေ့ကဲ့သို့ ကော်ဖီမသောက်ဖြစ်တော့ အချိန်ရှိသေးသော်လည်း မိမိစိတ်က အမှားဖြစ်ခဲ့မိ၍ ဆန္ဒအတန်ငယ်စောနေသေးသည်။ ထို့ကြောင့် immigration အထွက်တုံးထုရန် အပေါ်ထပ်သို့ တက်သည့်လမ်းကို လာခဲ့သည်။ လမ်းလျှောက်ရင်း ဘေးဘီကိုကြည့်လိုက်တော့ မြန်မာဘုန်းကြီး နှစ်ပါးတွေ့သည်။ မေးကြည့်သောအခါ ရခိုင်ဘုန်းကြီးဖြစ်နေသည်။ သူတို့က သီဟိုဠ်သို့ ဘုရားဖူးသွားမည့်အကြောင်း၊ တစ်ခေါက်မှ မရောက်ဖူးသေးကြောင်း ပြောပြသည်။ ထို့ကြောင့် check in ၀င်မည့် နေရာကို ညွှန်ပြပြီး မိမိလည်း immigration ၀င်ရန် အပေါ်သို့ တက်လာပြီး ထုံးစံအတိုင်း တန်းစီ၊ အထွက်တုံးထု၊ ပစ္စည်းပစ္စယများ စစ်ဆေးခံပြီး bording pass သို့ တန်းတန်းသွားလိုက်ပါတော့သည်။ အဘယ်ကြောင့်ဆိုသော် အရင်နေ့ကကဲ့သို့ ဖြစ်မည်စိုး၍ ဖြစ်သည်။ မိမိက ကြိုတင်ရောက်နေခြင်းဖြင့် ဖြစ်လာမည့် ပြဿနာကို အေးအေးဆေးဆေး စဉ်းစား၍ အဖြေရှာရန် အချိန်ရသည်။ ``ကြိုတင်၍ စဉ်းစားခြင်းသည် မမှားနိုင်´´ဟု ဆိုရိုးစကားလည်း ရှိ၏။ သတိတစ်ချက် လွဲချော်သွားလျှင် ဘ၀တစ်ခုလုံး ပျက်သွားနိုင်သည်။ အရင်နေ့ကလည်း အချိန်လွဲချော်မှု တစ်ခုကြောင့် လေယာဉ်နောက်ကြကျန်ခဲ့သည်။ ဤနေ့သည် အရင်နေ့ကကဲ့သို့ အဖြစ်မခံနိုင်ပြီဟု တွေးရင်းပင် နောက်ဆုံးဂိတ်သို့ ရောက်လာခဲ့သည်။
နောက်ဆုံးဂိတ် bording pass ရောက်တော့ သီဟိုဠ်သားများတွေ့ရသည်။ ထို့ကြောင့် သေချာသွားအောင် သီဟိုဠ်သားတစ်ယောက်ကို ``ဘယ်သွားမှာလဲ´´ဟု မေးလိုက်သည်။ သီဟိုဠ်သွားမည်ဖြစ်ကြောင်း ပြန်ဖြေလိုက်သည်။ ထို့နောက် စိတ်ချလက်ချ waiting room ထဲတွင် ထိုင်ချလိုက်သည်။ သိပ်မကြာခင် နဘေးတွင် သီဟိုဠ်သားတစ်ယောက် ရောက်လာသည်။ သူက မူဆလင်ဖြစ်သော်လည်း စကားအပြောအဆို အနှုန်းအရမ်းယဉ်ကျေးသည်။ သူနှင့် စကားလက်ဆောင် သီဟိုဠ်စကားပြောရင်း လေယဉ်ထွက်ချိန်ကို စောင့်နေလေတော့သည်။ နောက်ဆုံး လူစာရင်းမခေါ်ခင် ရခိုင်ဘုန်းကြီးနှစ်ပါးလည်း ရောက်ချလာသည်။ သူတို့နှင့်လည်း အရင်နေ့က အကြောင်းပြောပြ၊ သီဟိုဠ်အကြောင်းပြောပြရင်းနှင့်ပင် လေယာဉ်ထွက်ရန် နောက်ဆုံးလူစာရင်းခေါ်ပါတော့သည်။ ထို့နောက် လေယဉ်အပေါ်သို့ တက်ပြီး မိမိထိုင်ခုံနားရောက်အချိန်တွင် ``အော်….အခုမှ ငါ သီဟိုဠ်ကို တကယ်ရောက်တော့မှာပါလား´´ဟု စိတ်ထဲက ပြောရင်းထိုင်ချလိုက်ပါတော့သည်။
စိတ်ကူးထဲတွင်ကား ``အမှားသည် လူတိုင်းနှင့် မကင်းနိုင်ချေ။ လူတိုင်းမှားဖူးမည်မှာ အမှန်ပင်ဖြစ်၏။ ထို့ကြောင့် ``မမှားသော ရှေ့နေ၊ မသေသော ဆေးသမား´´ဟု မြန်မာ့ဆိုရိုးစကား ထွက်ရှိလာခြင်းဖြစ်သည်။ ထိုအမှားများထဲတွင် မိမိလေယဉ်နောက်ကျသည့် အမှားမျိုးကား နည်းလိမ့်မည် ဟု ခံစားရသည်။ ကားနောက်ကျသည်၊ ကျောင်းနောက်ကျစသည်စသည်ဖြင့် နောက်ကျသည်များရှိ၏။ ယင်းသို့ နောက်ကျခြင်းသည် ဖြစ်နေကြကဲ့သို့ ဖြစ်နေသည့်အတွက် သိပ်အထူးအဆန်းမဟုတ်ချေ၊ လေယာဉ်နောက်ကျသည်ကား ထူးဆန်းနေ၏။ မိမိကဲ့သို့ လေယဉ်နောက်ကျသော ပုဂ္ဂိုလ်များ ရှိမည်ဟုပင် စိတ်ထဲမထင်မှတ်ပေ။ သို့သော်လည်း ရှိကောင်းရှိနိုင်ပါသည်။´´ စသည်ဖြင့် တွေးရင်း လေယဉ်အပေါ်ထွင် အိပ်ပျော်သွားခဲ့သည်။

အိပ်ရာနိုး ကြည့်လိုက်တော့ အပြင်ဘက်က အလင်းရောင်တွေ တွေ့နေရပြီ အောက်ငုတ်ကြည့်တော့ တောင်တန်းတွေ တိမ်တွေကြား ၀ိုးတ၀ါးမြင်နေရပြီ။ ထို့ကြောင့် သီဟိုဠ်ရောက်နေပြီဟု ကောက်ချက်ချလိုက်သည်။ သီဟိုဠ်မြေကို ရောက်နေပြီဟု အသိစိတ်ဝင်သည်နှင့် စိတ်ခံစားချက်က မိမိနိုင်ငံသို့ မိမိပြန်ရောက်နေသကဲ့သို့ ခံစားမိသည်။ သီဟိုဠ်သည် မိမိအတွက် တကယ်ပျော်စရာနိုင်ငံမဟုတ်ပါလော။ စိတ်ထဲက အတွေးတွေစီတန်းနေစဉ် လေယာဉ်က ကွင်းဆင်းမဲ့အကြောင်းပြောပြလေသည်။ သိပ်မကြာခင် ကွင်းထဲ ဆင်းချလိုက်တော့သည်။ လေယာဉ်ဆိုက်ပြီး လေယာဉ်ကအထွက် သီဟိုဠ်သားများကို အပြုံးမျက်နှာနှင့် မြင်လိုက်ရသည်ဆိုရင်ဖြင့် မိမိသည်လည်း အပြုံးရိပ်ကလေး ပိုမို့တောက်ပြောင်လာသကဲ့သို့ ခံစားရသည်။ သီဟိုဠ်ရောက်သည်နှင့် ခံစားမှုက အရင်နှင့်မတူပေ။ စိတ်ကလည်း တက်ကြွနေသလို မြင်နေရသူတွေကလည်း ကိုယ့်လူမျိုးကဲ့သို့ ထင်နေရသည်။ လေယာဉ်မှထွက်ပြီး immigration ရောက်တော့ တန်းစီးနေစရာမလိုပေ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်ကတစ်ကြောင်း၊ ဘုန်းကြီးဖြစ်နေသည်ကတစ်ကြောင်းကြောင့် မြင်လိုက်သည်ဆိုရင်ဖြင့် လှမ်းခေါ်လိုက်သည်။ passport ပြလိုက်ပြီးသည်နှင့် တုံးထုပေးလိုက်ပြီး မည်သည့်စကားမျှ ရှည်ရှည်ဝေေ၀မပြောပေ။ အပြုံးတစ်ချက်ပြုံးပြပြီး passport ပြန်ပေးလိုက်သည်။ ပစ္စည်းရွေးပြီး အပြင်ထွက်တော့ သူငယ်ချင်းများက အဆင့်သင့်လာစောင့်နေကြသည်။ မြင်လိုက်သည်ဆိုသည်နှင့် ကားခေါ်ပြီး စကားတပြောပြောနှင့် လေဆိပ်မှ ကိုလံဘိုသို့ ထွက်ခွါလာတော့သည်။
မကုဋာရာမမြန်မာကျောင်းသို့ မရောက်ခင် မိမိ၏ကျေးဇူးရှင်၊ မိမိနေခဲ့ဖူးသည့် တပေါဝနရာမပူရာဏမဟာဝိဟာရသီဟိုဠ်ကျောင်းသို့ တစ်ချက်ဝင်ကြည့်လိုက်သည်။ မိမိနေခဲ့စဉ်က အခြေအနေနှင့် ယနေ့အခြေနေ မည်ကဲ့သို့ ထူးခြားပြောင်းလဲနေမည်နည်းဟူသည့် စိတ်ကလေးနှင့် ဖြစ်သည်။ ကျောင်းရောက်တော့ လက်ရှိကျောင်းထိုင်နေသော ဘုန်းကြီးက မိမိအသိပင်ဖြစ်သည်။ တစ်ချိန်က အတူနေခဲ့သော ဘင်္ဂလားဒေရ် ကိုရင်လဲ ရှိသေးသည်။ အကုန်လုံးက နွေးထွေးစွာကြိုဆိုလိုက်တော့ အရမ်းဝမ်းသာသွားသည်။ နောက်ပြီး ကျောင်းပတ်ဝန်းလေးကို လိုက်ကြည့်ရင်း စိတ်ကျေနပ်ပြီဆိုမှ ကျောင်းထိုင်ကို ကန်တော့ပြီး မကုဋာရာမမြန်မာကျောင်းသို့ ထွက်လာခဲ့တော့သည်။ ကားပေါ်တွင် သူငယ်ချင်းများနှင့် စကားတွေပြော၊ ကားသမားနှင့် သီဟိုဠ်စကားပြောရင်းနှင့် စိတ်ကြည်နူးခဲ့ရသည်။ တာဝန်ကျေသူများက တာဝန်ကျေ၊ နိုင်ငံသားများ၏ အပြုံကလေးများက ချိုတော့ မိမိ၏ စိတ်ချမ်းသာမှုက ဘယ်အရာနှင့်မျှ မတူတော့ပေ။
မကုဋရောက်တော့ စကားအနည်းငယ်ပြောပြီး အနားယူအိပ်ပစ်လိုက်တော့သည်။
တစ်ချိန်က နေခဲ့ဖူးသော နေရာဖြစ်သည့်အတွက် မိမိအတွက်မစိမ်းပေ။ သီဟိုဠ်မြေမှ ခွဲခွါလာတာ သိပ်မကြာသေးတော့ အပေါင်းအသင်းများက အရင်အတိုင်းပင်၊ ပြောင်းလွှဲမှု သိပ်မရှိသေးပေ။ သို့သော်လည်း မိမိက သီဟိုဠ်နိုင်ငံသို့ ပြန်ရောက်နေသည်၊ သီဟိုဠ်မြေကို နှင်းနေရသည်ကိုပင် ကျေနပ်နေသည်။ အဘယ်ကြောင့်မှန်းမသိပေ မိမိသည် သီဟိုဠ်နိုင်ငံကို ခင်တွယ်သည်၊ သီဟိုဠ်မြေမှာ နေရသည်ကို ၀မ်းသာမိသည်၊ ပျော်ရွှင်မိသည်။
အထူးမှာခြင်သည်မှာ……….မိမိကဲ့သို့ လေယဉ်နောက်မကျရန်ပင် ဖြစ်ပါသည်။

သားရွှေ

ဝါဆိုပွဲတော် (၂၅.၀၇.၂၀၁၀)

သင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်

လာရောက်အားပေးကြသော သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေံ

ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် ရဟန်းခံပွဲတော်

ဆီမီးထွန်းပွဲ အမှတ်တရ ဓာတ်ပုံများ